မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားမလုံလောက်တဲ့ ပြဿနာဟာ စီးပွားရေးတိုးတက်ဖို့ အဟန့်အတား ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံတဝန်း လျှပ်စစ်မီးလုံးဝ မရတာနဲ့ ရတချက် မရတချက်ဖြစ်နေတာက နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်နေတယ်လို့ ၂၀၁၉ ဇွန်လ လအတွက် ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ မြန်မာနိုင်ငံမှာ ဒီကဏ္ဍအတွက် ၂ ဆတိုးမြှင့် ရင်းနှီးမြှုပ်နှံဖို့လိုသလို စီမံကိန်းတွေကို ၃ ဆမြန်မြန် အကောင်အထည်ဖော်သင့်တယ်လို့ အကြံပြုထားပါတယ်။ မီတာ ခတွေကို တိုးကောင်ဖို့ လိုအပ်တယ်လို့လည်း အကြံပြုပါတယ်။ လျှပ်စစ်ဓါတ်အားပေးဝေတဲ့ ကဏ္ဍအနေနဲ့ လုပ်ငန်းလည်ပတ်ရေး လုံလောက်တဲ့ ဝင်ငွေရရှိအောင် ဓါတ်အားခတိုးကောက်ဖို့လိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်ခိုင်မာလာတာကြောင့်ရော၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပိုများလာတာကြောင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက် မြင့်တက်လာတာဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ လျှပ်စစ်ဓါတ်အားသုံးစွဲမှုဟာ ၂၀၃၀ ခုနှစ် မတိုင်ခင် ပျှမ်းမှုလိုအပ်ချက်က နှစ်စဉ် ၁၁% တိုးလိမ့်မယ်လို့လည်း ကမ္ဘာဘဏ်က ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့နဲ့ လျှပ်စစ်မီးပေးဝေတဲ့ဝန်ဆောင်မှု တိုးတက်ဖို့အတွက် လျှပ်စစ်ဓါတ်အားနဲ့ပတ်သက်တဲ့ အခြေခံ အခက်အခဲကို ဖြေရှင်းဖို့လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၉ ဇွန်လအတွက် စီးပွားရေး စောင့်ကြည့် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံက ရန်ကုန်လိုမြို့ကြီးမှာတောင် အလှည့်ကျမီးပေးစနစ်နဲ့ လျှပ်စစ်မီးပေးနေပါတယ်။
Your browser doesn’t support HTML5