သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်းစာချုပ် တလအတွင်း ထုတ်ပြန်ပေးဖို့ လှုပ်ရှားသူတွေ တောင်းဆို


မြစ်ဆုံစီမံကိန်းစာချုပ် အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် သတင်းစာရှင်းလင်းပွဲ (မေ၊ ၂၈၊ ၂၀၁၉)
မြစ်ဆုံစီမံကိန်းစာချုပ် အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် သတင်းစာရှင်းလင်းပွဲ (မေ၊ ၂၈၊ ၂၀၁၉)

မြစ်ဆုံစီမံကိန်းစာချုပ်ကို တလအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စီမံကိန်း စာချုပ်ကို တရားဝင် မိတ္တူကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က တောင်းဆိုလိုက်ပါတယ်။ လက်ရှိအရပ်သား အစိုးရလက်ထက်မှာ မြစ်ဆုံ စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာဘူးလို့လည်း ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စာချုပ်ကို တရားဝင် မိတ္တူ ကူးယူခွင့်ပြုဖို့ကို ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်က တောင်းဆိုလိုက်တာပါ။

မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ ဦးခင်စိုးက

"ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ တာဝန်ရှိသူများ ၂ ဦး ၂ ဘက် ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်း စာချုပ်အား ယနေ့ ၂၈ ရက်၊ ၅ လ၊ ၂၀၁၉ မှ ၂၈ ရက်၊ ၆ လ၊ ၂၀၁၉ အထိ တလအတွင်း နိုင်ငံသားတို့အား ပွင့်လင်းမြင်သာစွာ ချပြရန်နှင့် တရားဝင် မိတ္တူ ကူးယူခွင့်ပြုရန် ကျနော်တို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က တောင်းဆိုလိုက်ပါသည်။"

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်ကို သဘာပတ်ဝန်းကျင်ပညာရှင် ဥပဒေပညာရှင်တွေအပြင် မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ကွန်ယက် ၅၀ ကျော်နဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ စီမံကိန်းစာချုပ်ကို တလအတွင်း ပြည်သူလူထုကို ချမပြဘူးဆိုရင် အစည်းအဝေးပြုလုပ်ပြီး အပြီး တိုင်ရပ်ဆိုင်းဖို့ ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ခေတ္တရပ်ဆိုင်းခဲ့ပြီး အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရတက်လာတဲ့အချိန်မှာ စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းလိမ့်မယ်လို့ မျှော်လင့် ခဲ့တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောပါတယ်။

"ဒီပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲ တကယ် အများစုရထားတဲ့ လက်ထက်မှာတော့ ကျနော်တို့ အားလုံးက သွေးရိုးသားရိုးပဲ အပြီးတိုင် ရပ်ဆိုင်းမယ်လို့ မျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် မကြာခင်က နိုင်ငံတော် အတိုင်ပင်ခံရဲ့ ပြည်တွင်း ခရီးစဉ်မှာ သူပြောခဲ့တာက ဘာလည်းဆိုတဲ့အခါကျတော့ ကျနော်တို့ စာချုပ်တွေ ဟာ ဖျက်ချင်တိုင်း ဖျက်လို့မရဘူး။ ရပ်ချင်တိုင်း ရပ်လို့မရဘူးဆိုတဲ့ စကားမျိုးတွေ ပြောလာပါတယ်။ အဲ့တော့ မြစ်ဆုံစီမံကိန်းလည်း အလားတူပဲဆိုတဲ့အခါကျတော့ ကျနော်တို့ အများကြီး ခေါင်းကြီးသွားခဲ့တယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေလည်း အများကြီး စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တယ်။ ပညာရှင်တွေလည်း စိုးရိမ် ကြောင့်ကြမှုတွေ ဖြစ်တယ်။"

အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေမျှော်လင့်သလို မြစ်ဆုံစီမံကိန်း အပြီးတိုင်း မရပ်ဆိုင်းနိုင်သေးပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လို့ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုပေးဖို့လိုကြောင်း ဦးဇော်ရမ်းက ပြောပါတယ်။

"ကျနော်တို့ နိုင်ငံတော်ကို ဘာတွေ မက်ဆေ့ပေးချင်လည်း ပြောချင်လည်းဆိုတဲ့အခါကျတော့ ကျနော်တို့ ပြည်သူပြည်သားတွေက တောင်းဆိုလာတဲ့အခါမှာ စိုးရိမ်လာတဲ့အခါမှာ ကျနော်တို့ရဲ့ လူ့အခွင့်ရေး ဒီမိုကရေ စီရေးအရ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တောင်းဆိုလာတဲ့အခါမှာ ကျနော်တို့ရဲ့ စကားကို ကျနော်တို့ရဲ့ ဆန္ဒကို ကျနော်တို့ရဲ့ ပါဝင်ခွင့်ကို အသိမှတ်ပြုပေးဖို့ ဒီနေရာကနေပြီးတော့ နိုင်ငံတော် သမ္မတကြီးကော နိုင်ငံတော်အတိုင်ပင်ခံကော ကျနော်တို့လွှတ်တော်တွေကော ပြောချင်ပါတယ်။"

ဒီမြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် စစ်အစိုးရလက်ထက်မှာ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူ တွေရဲ့ လူမှုဘဝရှင်သန် ရပ်တည်မှုတွေအပေါ် ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ကန့်ကွက်ခဲ့တာကြောင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့တာဟာဆိုရင် အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်ထိ ဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG