သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံပြဿနာပြေလည်ရေး တရုတ်သံအမတ်ကြီး ပြောဆိုချက်အပေါ် တုံ့ပြန်မှုတွေ ထွက်ပေါ်


မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ။ (ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ။ (ဓာတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားတဲ့ ကိစ္စ ပြေလည်အောင် ဖြေရှင်းရေး အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ တာဝန်ပြီးဆုံးခဲ့ပြီဖြစ်တဲ့ တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang က မြန်မာနိုင်ငံကနေ မထွက်ခွာခင် မေလ ၂၁ ရက်နေ့က ရန်ကုန် သံအမတ်နေအိမ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာတနိုင်ငံလုံး ကန့်ကွက်ခဲ့တဲ့ အတွက် ၈ နှစ်နီးပါးလောက် ရပ်ဆိုင်းနေရတဲ့ ကချင်ပြည်နယ်က မြစ်ဆုံဆည် စီမံကိန်း အပေါ်မှာ တရုတ်အစိုးရ အနေနဲ့အလွန် စိုးရိမ်မကင်းဖြစ်နေကြောင်း တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang က သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ အခုလို ရပ်ဆိုင်းထားတဲ့ စီမံကိန်းနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အကျိူးရှိမယ့် နည်းလမ်းရှာဖွေဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှု ရထားတယ်လို့ တရုတ်သံအမတ်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ စကားပြန်ကနေ တဆင့် အခုလို ပြောသွားပါတယ်။

“ မြစ်ဆုံ ရေအားလ ျှပ်စစ် စီမံကိန်း ကိစ္စဆိုရင် ထူးခြားချက်တွေ ရှိပါတယ်။ အဲဒါက ဒီကိစ္စကို ပြေလည်စွာ ဖြေရှင်းဖို့ အတွက် ကျနော်တို့ တရုတ်နိုင်ငံနဲ့ မြန်မာ အစိုးရနဲ့ ပြေပြေလည်လည် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ တွေ့ဆုံ ဆွေးနွေး နေပါတယ်။ ကျနော်တို့ နှစ်ဦးနှစ်ဘက်က ဒီ မြစ်ဆုံ ရေအားလ ျှပ်စစ် စီမံကိန်း ကိစ္စကို ပြေလည်စွာ ဖြေရှင်းတဲ့ အခါမှာ တရုတ် မြန်မာ နှစ်နိုင်ငံ ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ရှေးရှုပြီးတော့ ဆောင်ရွက်လိမ့်မယ်လို့ နှစ်နိုင်ငံ သဘောတူညီချက် ရထားကြပါတယ်။ ”

တဖက်မှာလည်း မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားတဲ့ နှစ်တွေ ကြာလာတဲ့ အတွက် တရုတ်နိုင်ငံဘက်က အလွန် နစ်နာနေတယ်လို့လည်း သံအမတ်ကြီးက ဆိုပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုရင်နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ အများကြီး အထောက်အကူဖြစ်မယ်လို့ Mr. Liang ကပြောပါတယ်။

အခုလို သံအမတ်ရဲ့ ပြောဆိုချက်ဟာ မြန်မာဘက်က မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားတာကို တရုတ်က ဖိအားပေး ပြောဆိုလာတဲ့ သဘောမျိုး ဖြစ်နေပြီး ဒီစီမံကိန်းအကောင်အထည်မ ဖေါ်ဖြစ်ရင်လည်း တရုတ်နဲ့ ဆက်ဆံရေး အတိုင်းအတာတခုထက် ပိုပြီး ထိခိုက်စရာ အကြောင်းမရှိဘူးလို့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လေ့လာနေသူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ အဲဒီလို ပြောလာတာပေါ့နော်။ ဖိအားပေး သလိုမျိုး တနည်းအားဖြင့် ခြိမ်းခြောက်တယ်လို့ ပြောရမလားပေါ့နော်။ အဲလို ပြောလာတာကတော့ ကျနော်တို့ လက်ခံစရာ အကြောင်းမရှိပါဘူး။ ဒီကိစ္စ တခုတည်းနဲ့ အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေးက ဒီတခုတည်း အပေါ် မူတည်တာ မဟုတ်ဘူး။ ၂ နိုင်ငံလုံး အတွက်လည်း တခြား တခြားသော အကြောင်းတွေ မြောက်များစွာ ရှိတော့ကား ၂ နိုင်ငံ ဆက်ဆံရေးကတော့ တစုံတရာ အတိုင်းအတာ တခုထက် ပိုပြီးတော့ ထိခိုက်စရာ မရှိဘူး။ မလုပ်လိုက်ရလို့လည်း တရုတ်က ဗမာပြည်ကို ရန်သူလို ဆက်ဆံလာမှာ မဟုတ်သလို ဗမာနိုင်ငံ အနေနဲ့လည်း ရန်သူလို့ သတ်မှတ်မယ့် ကိစ္စ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော် ပြောချင်တာက နှစ်နိုင်ငံ ဆက်ဆံရေးကို အတိုင်းအတာ တခုထက် ပိုပြီးတော့ ထိခိုက်စရာ မရှိဘူးလို့ ကျနော် မြင်ပါတယ်။ ”

တရုတ်သံအမတ် မစ္စတာ Hong Liang က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲအတွင်း မြစ်ဆုံဆည်စီမံကိန်း မေးခွန်းတွေကို ဖြေကြားတဲ့အထဲမှာ အင်အားစု တချို့ကနေ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ သတင်းအမှားတွေ ထုတ်ပြန်နေပြီး၊ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်အောင် ဆောင်ရွက်နေတယ်လို့ စွပ်စွဲပြောဆိုသွားပါတယ်။ ဒါအပြင် အဲဒီအင်အားစုတွေနောက်မှာ နိုင်ငံခြားအုပ်စု တချို့ရှိနေတယ်လို့ လည်း သံအမတ်က ဆိုပါတယ်။

အခုလို တရုတ်သံအမတ်ရဲ့စွပ်စွဲပြောဆိုချက်ဟာ မှန်ကန်မှုမရှိကြောင်းနဲ့ ကြီးမားလှတဲ့ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်း အသက်အန္တရာယ်ကို ကြီးကြီးမားမား ထိခိုက်စေမယ်ဆိုတာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ဌာနေတိုင်းရင်းသားတွေ ကိုယ်တိုင် ထောက်ပြ ကန့်ကွက်ခဲ့တာသာ ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ပြောပါတယ်။

“ ဒါ သဘာ၀ မကျဘူးလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမြစ်ဆုံကို ကန့်ကွက်တာက ဌာနေတိုင်းရင်းသားတွေက နေပြီးတော့ ကန့်ကွက်တာပါ။ ဒီ အနောက်နိုင်ငံတို့ ဘာတို့နဲ့ မဆိုင်ပါဘူး။ ဟိုးအစကတည်းက ကတည်းက ၂၀၀၇ - ၂၀၀၈ လောက်ကတည်းက စကတည်းက ကျနော်တို့ ဌာနေ တိုင်းရင်းသားတွေက ရှင်းရှင်းလင်းလင်း ပြောထားပြီး သားပါ။ အဲဒါကို အရင်တုန်းက စစ်အစိုးရ ဆိုတော့ ပြည်သူ့ထောက်ခံမှု ယူယူ မယူယူ သူတို့က အတင်းကို လုပ်ခဲ့တဲ့ စီမံကိန်းဆိုတော့ အဲဒီအချိန်မှာ လုပ်ခဲ့တာပေါ့နော်။ အကယ်၍သာ တရုတ်နိုင်ငံက မြန်မာ ပြည်သူပြည်သားတွေကို အလေးထားတယ် ဒီချစ်ကြည် ရင်းနှီးချင်တယ်ဆိုရင်ကတော့ စစ်တမ်း ကောက်လို့ ရပါတယ်။ ဒီဟာတွေကို။ မဲပုံးထောင်ပြီးမှ မြစ်ဆုံ တည်ဆောက်ဖို့ မတည်ဆောက်ဖို့ လုပ်လို့ ရပါတယ်။ အဲဒါဆို အဖြေ ချက်ချင်း ရှင်းရှင်းကြီး ပေါ်လာပါလိမ့်မယ်။ ”

မြစ်ဆုံဆည်ကိစ္စ တရုတ်သံအမတ်ရဲ့ပြောဆိုချက်တွေကို ကြည့်ရင် တရုတ်အကျိူးစီးပွားကို ပိုပြီးအဓိကထား ပြောသွားတယ်ဆိုတာ မြင်ရတယ်လို့ Gum Sang ကဗွီအိုအေကို ပြောပါတယ်။

တရုတ်သံအမတ်ရဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာလက သွားခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ မြစ်ဆုံဆည်ကိစ္စ ပြန်စတင်ဖို့ ဖိအားပေး ပြောဆိုခဲ့ကြောင်း သူ တွေ့ဆုံခဲ့တဲ့ကချင်တိုင်းရင်းသားပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒါ့အပြင် သံအမတ်ရဲ့ ခရီးစဉ် ထုတ်ပြန်ချက်မှာ မြစ်ဆုံ စီမံကိန်း ဒေသခံအဖွဲ့အစည်းတွေက ကန့်ကွက်မှု မရှိကြောင်း ဖေါ်ပြခဲ့တဲ့အတွက် ကာယကံရှင် အဖွဲ့တွေဘက်က သံအမတ်ရဲ့ ပြောဆိုချက် မှန်ကန်မှုမရှိကြောင်း တုံ့ပြန် ကန့်ကွက်ခဲ့ကြပါတယ်။

အင်္ဂါနေ့က သတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာတော့ တရုတ်သံအမတ် မစ္စတာ Hong Liang ကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့မြန်မာပြည်သူတွေ အနေနဲ့စိတ်ရှည်ရှည်နဲ့စောင့်ဖို့ လိုအပ်ပြီး မြန်မာအစိုးရဘက်က သင့်တော်တဲ့ အချိန်မှာ အများ ကျေနပ်မယ့် အဖြေကို ထုတ်ပြန်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူကိုယ်တိုင် အတူ လိုက်ပါသွားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ အောင်မြင်မှုတွေအကြောင်းနဲ့တရုတ်-မြန်မာ နှစ်နိုင်ငံ အနာဂတ် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို တရုတ်သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ Mr. Liang ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သံအမတ်ကြီးဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ သူနဲ့ တရုတ်သံရုံးရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံပံ့ပိုး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူ ဆက်လက်တာဝန်ထမ်းဆောင်ရမယ့် ရာထူးနေရာသစ်မှာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တရုတ်သံအမတ်ကြီး မစ္စတာ Hong Liang ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG