လူသတ်မှုနဲ့ အမျိုးသားတဦးကို UWSA သေဒဏ်စီရင်ချက်ချ

ဝပြည်နယ် ပန့်ဆန်းမြို့ မြင်ကွင်းတခု (ဧပြီ ၁၅၊ ၂၀၁၉)

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ဟိုပန်မြို့မှာ အမျိုးသားတဦးကို လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ Wa News Land သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အသက် ၈ နှစ်အရွယ် အမျိုးသမီးငယ်လေးတဦးကို သတ်မှုနဲ့ လူမြင်ကွင်းမှာ တရားစီရင်ပြီး သေဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဟိုပန်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကုန်စုံဆိုင်လုယက်မှုအတွင်း အဲဒီအသက် ၈ နှစ်အရွယ် မိန်းကလေး သေဆုံးသွားခဲ့တာဖြစ်ပြီး ဒီသေဆုံးမှုမှာ ကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့သူကိုတော့ နောက် ၂ လ အကြာမှာ UWSA အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တာဖြစ်ါပတယ်။

တရားစီရင်ရေး အမိန့်ချမှတ်မှုကိုတော့ ဟိုပန်မြို့က ၀ ယဉ်ကျေးမှုကွင်းမှာ လုပ်ခဲ့တာဖြစ်ပြီး၊ နောက်ထပ် ၆ ယောက်ကိုလည်း ထောင်ဒဏ် တသက်တကျွန်းနဲ့နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ ၀ သတင်းအေဂျင်စီက ဖော်ပြပါတယ်။ အဆိုပါ ၆ ဦးဟာ မုဒိမ်းမှုကျူးလွန်သူတွေဖြစ်ပြီး၊ ဦးဆောင်တဲ့သူကို ထောင်ဒဏ်တသက်တကျွန်း နဲ့ ကျန်တဲ့ ၅ ယောက်ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့တယ်လို့ Wa News Land သတင်းဌာနက ဖော်ပြထားပါတယ်။

UWSA က ဟိုပန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ထိန်းချုပ်လိုက်ပြီးတဲ့နောက် ဒါဟာ ဟိုပန်မြို့မှာ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဝဒေသမှာ နောက်ဒီလိုမဖြစ်အောင် လူထုတွေကို ပညာပေးတဲ့နေနဲ့ သေဒဏ်တွေကို လူထုရှေ့မှောက်မှာ စီရင်လေ့ရှိပေမယ် အခုတခါ သေဒဏ်ကွပ်မျက်မှုကိုတော့ လူထုရှေ့မှောက်မှာ လုပ်သွားမှာ မဟုတ်ဘူးလို့ ၀ ပြည်အစိုးရ တရားရေးတာဝန်ရှိသူတဦးက ပြောထားပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များများဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်း သူတို့ရဲ့ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကို ကျင့်သုံးလေ့ရှိကြပြီး၊ ပြီးခဲ့တဲ့ ဧပြီလကတော့ MNDAA ကိုးကန့်တပ်ဖွဲ့က သူတို့ရဲ့ တပ်ဖွဲ့ဝင် ၃ ယောက်ကို လူသတ်မှု ၊ လက်နက်နဲ့ခဲယမ်းမီးကျောက်တွေ ခိုးယူရောင်းချမှု နဲ့ သေဒဏ်ကွပ်မျက်စီရင်ခဲ့ပါတယ်။