မြန်မာနိုင်ငံမှာ သီတင်းတပတ်ကျော်ကြာ စက်သုံးဆီ ရှားပါးမှုနဲ့ကြုံ

ယခင်မှတ်တမ်းရုပ်ပုံ | ပဲခူးတိုင်း ဘုရားကြီးမြို့နယ်အတွင်း ဓါတ်ဆီဖြည့်ဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ မော်တော်ဆိုင်ကယ်များ (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြန်မာနိုင်ငံနေရာ တော်တော်များများမှာ စက်သုံးဆီရှားပါးနေတာ သီတင်း ၁ ပတ် ကျော်ပြီလို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။ လိုသလောက် မရတာကြောင့် ပြင်ပမှာ ဈေးကြီးပေး သုံးစွဲနေရတယ်လို့လည်း ပြောပါတယ်။ စက်သုံးဆီရရှိမှု အခက်အခဲနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မမြသဇင်အောင် တင်ပြထားပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပြင် တခြားမြို့တွေမှာလည်း စက်သုံးဆီပြတ်လပ်တာနဲ့ လိုသလောက်ဝယ်မရတဲ့ အခြေအနေတွေ ကြုံနေရတာ ၁၀ ရက်ဝန်းကျင်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကနေ ဒီကနေ့အထိ စက်သုံးဆီလိုသလောက် ဝယ်မရတော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးနေတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

"အခုကတော့ Limit နဲ့ ရောင်းပေးတယ်ပေါ့ဗျာ။ တစီးကို ၃ သောင်းဖိုးလောက် ပိုမရဘူး။ တန်းစီနေရတာပဲ။ တချို့တွေလည်း သူတို့အနားရောက်မှ ကုန်သွားပြီပေါ့။ အဲလိုမျိုးတွေလည်း ကြုံရတာပေါ့။ ဆိုင်တိုင်းလည်းမရဘူး။ နာမည်ကြီးဆိုင်တွေကတော့ ခွဲတန်းလေးနဲ့ အများကြီးတန်းစီပြီးမှ ဝယ်ရတယ်ခင်ဗျ။ ဈေးနှုန်း ရှေ့တပတ်က နည်းနည်းတက်သွားတယ်။ တလီတာကို ပျမ်းမျှ ၂၅၀ လောက်တက်သွားတယ်။"

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့က ဓါတ်ဆီဆိုင်တဆိုင် (မေ ၂၁၊ ၂၀၂၂)

ဆီဆိုင်တွေမှာ ကိုယ့်အလှည့်ရောက်ဖို့ အချိန်ကြာတန်းစီ စောင့်ဆိုင်းရတာနဲ့ လိုချင်တဲ့ဆီအမျိုးအစား မရနိုင်တာအပြင် တချို့ဆိုင်တွေက အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာလည်း ညအိပ်စောင့်ဆိုင်းရတဲ့အထိ စက်သုံးဆီဝယ်ယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဆီက ဒီအတိုင်းပဲ တန်းစီနေရတုန်းပဲ။ ဦးပွားကုန်းကျော်ဘက်မှာဆို ညအိပ်တန်းစီကြတယ်။ အမရပူရဘက်ဆိုရင် မနက် ၅နာရီက တန်းစီရင် နေ့လည် ၁နာရီလောက်မှပဲ ကိုယ့်ကားကိုယ် ဆီထည့်လို့ရတယ်။ အခု တခါထည့်ရင် ၃သောင်းဖိုးပဲရတယ်။ တလီတာကို ၂,၈၅၀။ ဒါပေမဲ့ အပြင်ပေါက်ဈေးက 95 တလီတာကို ၉,၀၀၀ လောက်အထိ ရောင်းနေတယ်။ 92 တလီတာကို ၈,၀၀၀ လောက်အထိ ရောင်းနေတယ်ဗျ။ အဲဒါတွေက အပြင်ပေါက်ဈေး။ ဆိုင်မှာတန်းစီ ဝယ်ရတာက တလီတာကို ပျမ်းမျှ ၁၄၀ လောက် ခုန်တက်သွားတာပေါ့။ ဆိုင်တန်းစီဈေးက 92 တလီတာကို ၂,၈၅၀ ခင်ဗျ။"

ရန်ကုန်နဲ့ မန္တလေးအပါအဝင် ဒေသတော်တော်များများမှာ ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး ဒီကနေ့အထိ စက်သုံးဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ အခြေအနေကို ဒေသခံတွေပြောထားသလို၊ ဒေသတွင်းမီဒီယာတွေမှာလည်း ဖော်ပြကြပါတယ်။ စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ စက်သုံးဆီပြတ်လပ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့နဲ့ ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီသုံးစွဲနိုင်ဖို့ကို သီလဝါဆိပ်ကမ်းမှာ ကြိုတင်သိုလှောင်ထားကြောင်း ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ လလယ်ကစ နိုင်ငံအနှံ့ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံတာတွေ ရှိခဲ့တာကြောင့် သီလဝါ ဆိပ်ကမ်းက ပုံမှန်လုပ်ငန်းတွေမှာ ကြန့်ကြာမှု၊ ဆီတင်ယာဉ်တွေ လမ်းခရီး အခက်အခဲတွေကြောင့် အနည်းငယ် နှောင့်နှေးမှုတွေ ရှိနေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီအတွက်လည်း စိုးရိမ်မှုမဖြစ်ကြဖို့နဲ့ လိုအပ်တာထက် ပိုမိုဝယ်ယူ စုဆောင်းတာတွေ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ သီတင်းတပတ်ကျော်ကြာ စက်သုံးဆီ ရှားပါးမှုနဲ့ကြုံ