စစ်ကိုင်းနဲ့ မန္တလေးဘက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု

မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၉ ရက် ညပိုင်းနဲ့ ၃၀ ရက်မနက်ပိုင်းတို့မှာ ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း နွားကြီးမြို့နယ်ထဲက ကျေးရွာတွေမှာလည်း စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရတာရှိပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို-ကိုဇော်မိုးကျော်ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို သြဂုတ် ၂၉ ရက် ညပိုင်းနဲ့ ၃၀ ရက်မနက်ပိုင်းတို့မှာ ၂ ရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး အရပ်သားတွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။ ခင်ဦးမြို့နယ်ထဲက မဒေါင်းကြီး၊ ရွှေသာ၊ ပင်တင်း၊ စည်ပုတ္တရာ စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၇ ရွာထက်မနည်းကိုသြဂုတ် ၁၈ ရက်ကနေ ၃၀ ရက်အထိ ၁၃ ရက်အတွင်း လေကြောင်းကနေ ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေကို အခြေအနေတွေကို စစ်ဘေးဒုက္ခသည်တွေကိုကူညီနေသူ တဦးက အခုလို ပြောပါတယ်။

"ပထမဆုံးပစ်ခံရတာ မဒေါင်းကြီး၊ ရွှေသာ ပြီးတော့ ဘအိုး၊ မုံလှ၊ ပင်တင်း နောက်တခါ စည်ပုတ္တရာနဲ့ သနပ်စိန်က ၂ ကြိမ်ပေါ့။ မနေ့ကပေါ့။ ဒီကနေ့မနက် ၄ နာရီခွဲလောက်မှာ စည်ပုတ္တရာကို ၁ ကြိမ် ထပ်ပစ်ပြီးတော့၊ သနပ်စိန်နဲ့ စောကြီးကို ၁ ကြိမ်ထပ်ပစ်တယ်။ ၁၃ ရက်ကို ၈ ကြိမ် ပစ်သွားတယ်။ စည်ပုတ္တရာမှာ ၁ ကြိမ် ပစ်ခံရတာ အိမ် ၃ လုံး ပျက်စီးသွားတယ်။ အမျိုးသမီးတွေဘာတွေကော ဒဏ်ရာရ ၄ ယောက်ပေါ့။"

စည်ပုတ္တရာကို သြဂုတ် ၂၉ ရက်ညပိုင်းက ထပ်ဆင့်ပေါက်ကွဲတဲ့ ဗုံးသီးတွေနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး သြဂုတ် ၃၀ မနက်ပိုင်းမှာတော့ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ စည်ပုတ္တရာ ကျေးရွာသားတွေက ပြောပါတယ်။

လေကြောင်းက တိုက်ခိုက်ခံရချိန် ကျေးရွာတွေမှာတိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်ဘက်ကညဦးပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ အများဆုံးဗုံးကြဲတိုက်ခိုက်ပါတယ်။ နောက်ထပ်လည်းလေကြောင်းတိုက်ခိုက်တာတွေခံရရှိနိုင်တဲ့အတွက် ဗုံးခိုကျင်းတွေမှာ ပြောင်းရွှေ့နေဖို့ ကျေးရွာတာဝန်ရှိသူတွေကအသိပေးတာတွေလုပ်နေပါတယ်။

လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ တစုံတရာတော့ မရှိသေးပါဘူး။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ၁ မိုင်ခွဲအဝေးက ကုက္ကိုဇီးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်တပ်ကို သြဂုတ် ၂၉ ရက်က ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ကုက္ကိုဇီးကျေးရွာနဲ့ တိုက်ပွဲမဖြစ်တာမရှိတဲ့ ဆူးရစ်ကုန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေကို နွားထိုးကြီးမြို့ခံတဦးက အခုလို ပြောပါတယ်။

"၆ နာရီခွဲလောက်က ဆူးရစ်ကုန်းနဲ့ ကုက္ကိုဇီး။ ကုက္ကိုဇီးကတော့ (တိုက်ပွဲ) ဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ စစ်ကူခေါ်တာ လေကြောင်းတွေက မလာဘူးလေ။ မလာဘဲနဲ့ ညနေ ၆ နာရီမှ(လေကြောင်းက) လာပစ်သွားတာ။"

ကုက္ကိုဇီးကျေးရွာတိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးတာရှိခဲ့ပြီး ဗိုလ်ကြီးအဆင့် ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ကုက္ကိုဇီးနဲ့ ဆူးရစ်ကုန်းကျေးရွာတို့ဟာ ၅ မိုင်ထက်မနည်းဝေးပြီး လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဆူးရစ်ကုန်းကျေးရွာက နေအိမ် တလုံးမီးလောင်ပျက်စီးသွားပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။

သြဂုတ် ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ နွားထိုးကြီးမြို့နယ်ထဲက လက်ဝဲမြင်း၊ နီကွမ်းအုံ စတဲ့ကျေးရွာတွေမှာလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ၂ ဦးသေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးတွေလည်းပါဝင်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

Your browser doesn’t support HTML5

စစ်ကိုင်းနဲ့ မန္တလေးဘက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု