စက်သုံးဆီဈေးမြင့်တက်ပြီး နယ်မြို့တွေမှာရှားပါးမှုကြုံနေရဆဲ

စက်သုံးဆီရှားပါးချိန် ရန်ကုန်မြို့ရှိ ဓါတ်ဆီဆိုင်တဆိုင်မှာ ဆီထည့်ရန် စောင့်နေကြည့် မော်တော်ယာဉ်များ (ဩဂုတ် ၁၆၊ ၂၀၂၄)

မြန်မာနိုင်ငံတွင်း စက်သုံးဆီ ရှားပါးမှုတွေကြုံတွေ့နေရချိန်မှာ စက်သုံးဆီလုံလုံလောက်လောက် ဖြန့်ဖြူးပေးထားတယ်လို့ လုပ်ငန်းရှင်တွေ ပြောနေကြပေမယ့် လက်တွေ့မှာ စက်သုံးဆီ ရရှိရေးအခက်အခဲတွေကြုံနေပါသေးတယ်။ စက်သုံးဆီစျေးလည်း ပြီးခဲ့တဲ့ရက်ပိုင်းကထက် တက်လာပြီး နောက်ဆက်တွဲအနေနဲ့ ကားငှားစရိတ်တွေ အရင်ထက်ပိုများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ စက်သုံးဆီ ရရှိမှုခက်ခဲနေတဲ့ အခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

စက်သုံးဆီဖြန့်ချီမှုတွေ မကြာခင်ရက်ပိုင်းအတွင်း ပုံမှန်အနေအထား ပြန်လည်ရောက်ရှိအောင် အရောင်းဆိုင်တွေကို ဆီလုံလုံလောက်လောက် ရောင်းချထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီအသင်း တာဝန်ရှိသူတွေက ဩဂုတ်လ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က ပြောခဲ့ပါတယ်။ စက်သုံးဆီပြတ်လပ်နေတဲ့ အခြေအနေက ရက် ၂၀ ဝန်းကျင်ရှိလာနေပြီး ဆီလုပ်ငန်းရှင်တွေဘက်က အခုလို ပြောထားပေမယ့်လည်း ဒီကနေ့ အထိ ဆီပုံမှန်ဝယ်ယူလို့ မရသေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

မန္တလေးမှာ ဆီဝယ်ယူနိုင်ဖို့ရှေ့ရက်တွေကအတိုင်း အချိန်တော်တော်ကြာ တန်းစီစောင့်ဆိုင်းရပြီး ပြင်ပမှာရောင်းချနေတဲ့ ဆီမှောင်ခိုစျေး ကလည်း ၁ သောင်းဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီအခက်အခဲ အခုထိ မပြေလည်သေးသလို ကားငှားခတွေလည်း စျေးတက်လာတယ်လို့ ပြောပါတယ်။

"အမရပူရ SP ဆီဆိုင်ကလည်း ကားတန်းက ရာချီတယ်။ မန္တလေး ကန်တော်ကြီးနားက Farmer ဆီဆိုင်မှာလည်း တမ္မဝတီအထိရောက်တယ်၊ ကားတန်းကြီး ရာကျော်တယ်ဗျ။ စျေးအပြောင်းအလဲက ၃,၀၀၀ တော့ကျော်တယ်ဗျ။ မှောင်ခိုကတော့ 92 တလီတာကို ၉,၀၀၀ - ၁၀,၀၀၀ ပဲ။ ကျနော်တို့ ဒီနေ့သွားတန်းစီတာတောင် တော်တော်ကြာမှ ကိုယ်ရတာက ၂ သောင်း၊ ၃ သောင်းဆိုတော့ မကိုက်တော့ဘူး၊ ကားတိုးရတာက။ ဆိုင်ကယ်ကျတော့ တွန်းသွားလို့ရတယ်။ သူကလည်း တခါထည့်မှ ၇,၀၀၀ လောက်ပဲရတာ။ မန္တလေးနဲ့ လေဆိပ်ကို အသွားအပြန်က အခုဆို ၆ သောင်းလောက် ရှိသွားပြီ။ အရင်က အသွားအပြန်ဆို ၄ သောင်းခွဲလောက်ပဲရှိတာ။ ကားကွင်းအကြို မနက်အစောကြီးဆိုရင် ကားကွင်းကနေ မြို့ထဲကို ၃ သောင်းအထိပေါက်တယ်။"

စက်သုံးဆီရရှိဖို့အတွက် ညအိပ်စောင့်ဆိုင်းရတဲ့အထိ ဖြစ်နေတယ်လို့ ပြောပါတယ်။ ဆီကတော့ လိုသလောက် ဝယ်မရသေးဘဲ အကန့်အသတ်နဲ့သာ ဆက်ပြီးရောင်းချပေးနေတာပါ။ တောင်ကြီးမြို့မှာလည်း စက်သုံးဆီအမှန်တကယ် လိုအပ်သူတွေ တနေကုန်ကြာအောင် တန်းစီစောင့်ဆိုင်းရပြီး မှောင်ခိုစျေးနဲ့ ပြန်လည်ရောင်းချသူတွေက ဘူးတွေနဲ့လာဖြည့် ဝယ်ယူတာမျိုးလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှောင်ခိုရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဗွီအိုအေအနေနဲ့ သီးသန့်အတည်မပြု နိုင်သေးပါဘူး။ တောင်ကြီးမြို့မှာလည်း စက်သုံးဆီပြတ်လပ်နေတဲ့ အခြေအနေက ရက်ကြာလာပေမယ့် ဒီကနေ့အထိ တန်းစီနေရတုန်းပဲလို့ ဒေသခံတဦးက ပြောပါတယ်။

"ဒီနေ့အချိန်ထိလည်း မပြောင်းလဲသေးပါဘူး၊ ဒီလိုပါပဲ။ တနေကုန် တန်းစီရတာပဲ၊ သူတို့ဆီ မပြတ်မချင်းပေါ့။ ဆီပြတ်တာကလည်း သူတို့ အပေါ်မှာပဲ မူတည်တာပေါ့။ သူတို့ ပြတ်တယ်ဆိုတော့လည်း ပြတ်တယ်ပေါ့။ အခုဆိုရင် ကားတွေဆိုရင် ညအိပ်စောင့်နေရတာ။ အရင်စျေးကတော့ ၂,၈၅၀၊ အခုကတော့ ၃,၂၅၀ လောက်ရှိတယ်။ အပြင်မှာရောင်းနေတာက တချို့တွေဆို စီးပွားလုပ်တဲ့သူတွေက ကားတန်းတယ်၊ ဘူးတွေနဲ့ချိန်ပြီး ပြန်ရောင်းတယ်။ မှောင်ခိုစျေးက ၇,၀၀၀ - ၁၀,၀၀၀ အထိစျေးပေါက်တယ်။ ကားခတွေကတော့ ၄ - ၅ ထောင်၊ တသောင်းလောက်တော့ တက်တယ်ဗျ။ လားရှိုး-တောင်ကြီး-မူဆယ်ကတော့ စျေးမြောက်တယ်ဗျ။ တောင်ကြီး-လားရှိုးဆိုရင် ၄ သိန်းခွဲ၊ ၅ သိန်းလောက် ပေါက်တယ်။"

စက်သုံးဆီပြတ်လပ်မှုဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ဝယ်ယူသူတွေ ပိုပြီးများပြားလာလို့ စက်သုံးဆီဝယ်လိုအား မြင့်တက်လာတာလို့ မြန်မာနိုင်ငံ စက်သုံးဆီအသင်း တာဝန်ရှိသူတွေကတော့ ပြောပါတယ်။ ပုံမှန်အနေအထား ပြန်လည်ရောက်ရှိအောင် ဆိုင်တွေကို လုံလုံ လောက်လောက် ရောင်းချပေးထားတယ်လို့ ပြောတာလည်း ဒီကနေ့နဲ့ဆို ၄ ရက်မြောက် ရှိပါပြီ။ ရန်ကုန်မြို့မှာတော့ စက်သုံးဆီဆိုင်တွေမှာ ဒီနေ့ တန်းစီရတဲ့အခြေအနေက ပြီးခဲ့တဲ့ရက်တွေလောက် မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးနဲ့ တခြားမြို့တွေမှာတော့ စက်သုံးဆီဝယ်ယူနိုင်ဖို့ ပုံမှန်အခြေအနေ ပြန်မရောက်သေးဘဲ၊ မှောင်ခိုစျေးကွက်နဲ့ ရောင်းချသူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Your browser doesn’t support HTML5

စက်သုံးဆီဈေးမြင့်တက်ပြီး နယ်မြို့တွေမှာရှားပါးမှုကြုံနေရဆဲ