သင်္ကြန်ကာလ အပူဒဏ်ရှောင်ဖို့ သတိပေးချက်ထုတ်ပြန်

သင်္ကြန်ကာလ အပူဒဏ်ရှောင်ဖို့ သတိပေးချက်ထုတ်ပြန် (State Counsellor Office Information Committee)

မြန်မာနှစ်သစ်ကူးကာလ၊ ဧပြီလ ဒုတိယပတ်ကစလို့ မြန်မာပြည်တဝှမ်းမှာ အပူချိန်မြင့်တက်လာခဲ့ရာက ဒီရက်ပိုင်းမှာတော့ အပူဒဏ်ရှောင် ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီကပါ သတိပေးချက်ထုတ်ပြန်တာတွေ ရှိလာခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တခုဖြစ်ပေါ်နိုင်ပြီး ဒီသက်ရောက်မှုကြောင့် နေ့အပူချိန်ကျဆင်းလာနိုင်သလို ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းလည်း ကျဆင်းလာဖွယ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတဦးက ခန့်မှန်းပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းဟာ သင်္ကြန်အကြတ်နေ့ လောက်မှာ မုန်တိုင်းငယ်အဆင့်ကို ရောက်နိုင်ကြောင်းလည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ မြန်မာပြည်အလယ်ပိုင်း မကွေးနဲ့ ချောက်မြို့တွေမှာ အပူချိန် ၄၆ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး မုံရွာ၊ မြင်းခြံ ၊ညောင်ဦးစတဲ့မြို့တွေမှာ ၄၃ဒီဂရီစင်၊ နေပြည်တော် မှာ ၄၂၊ မန္တလေးမှာ ၄၁နဲ့ ရန်ကုန်မှ ၃၈ဒီဂရီ စင်တီဂရိတ် အထိရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အပူချိန် ထပ်မံမြင့်တက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ ဒါအပြင် နေ့ခင်း ၁၀နာရီနဲ့ ညနေ ၄နာရီကြားမှာ နေရောင်တိုက်ရိုက်ထိတွေ့ရာမှာ ရေမချိုးဖို့လည်း တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးချက်နဲ့ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာဆိုင်ရာနိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။