မလေးရှားနိုင်ငံ၊ မလကာမြို့က ဈေးဝယ်စင်တာအခုကအပြန်မှာ ရန်ငြိုးရန်စမရှိတဲ့ အမည်မသိတဲ့ လူအုပ်စုတစုကနေ မြန်မာနိုင်ငံသား ၃ဦးကို ရုတ်တရက်တိုက်ခိုက်တာကြောင့် ၂ဦးဟာ ဦးခေါင်းနဲ့ မျက်နှာမှာ ပြတ်ရှဒဏ်ရာများရရှိပြီး မလကာမြို့ ဆေးရုံကြီးမှာပို့ပြီး ကုသမူခံနေရပါတယ်။ တဦးကတော့ ဦးနှောက်ကို ထိခိုက်မူတွေရှိတာကြောင့် ဒဏ်ရာအခြေအနေဆိုး တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံ၊ မလကာမြို့က မြန်မာနိုင်ငံသားလူငယ်တွေ ဈေးဝယ်စင်တာတခုကအပြန်မှာ အမည်မသိတဲ့ လူအုပ်စုတစုကနေ မြန်မာနိုင်ငံသား ၃ဦးကို စတင်တိုက်ခိုက်ခဲ့တာပါ။ ဒီအတွက် မြန်မာနိုင်ငံသား ၂ဦးကတော့ ဒဏ်ရာတွေပြင်းထန်းစွာရရှိခဲ့ပြီးမလကာဆေးရုံကြီးမှာ ကုသမူခံယူနေရပါတယ်။ ဆေးရုံကြီးကိုသွားပြီး မြန်မာနိုင်ငံသားတွေကို သွားရောက်သတင်းမေးခဲ့တဲ့ မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်အဖွဲ့( ကွာလာလမ်ပူ) ဥက္ကဌ ဦးစန်းဝင်းက အခုလိုပြောပြပါတယ်။
“ပအိုဝ်း တိုင်းရင်းသား ခွန်ထွန်းကြည်က နဖူးမှာ ပြတ်ရှဒဏ်ရာနဲ့ ၄ လက်မခန့် အရှည်လောက် ဝင်ပြီးတော့ ဒဏ်ရာအပြင်းအထန် ရသွားတယ်ပေါ့နော်။ ဘုန်းမြင့်နိုင်ဆိုတဲ့ ကောင်လေးက သူက နဖူးမှာ ဒုတ်တွေနဲ့ အရိုက်ခံရတယ်။ နောက်တယောက်ကတော့ သူ့ကိုတိုက်ခိုက်တဲ့အခါမှာ သူက ထွက်ပြေးလွှတ်မြောက်သွားတယ်။ ကျနော်တို့ ပအိုဝ်း တိုင်းရင်းသား ခွန်ထွန်းကြည်ကတော့ ပထမအနေအထားကတော့ တော်တော်နက်ဝင်ပြီး ဆေးရုံကတော့ ခေါင်းထဲသွေးဝင်မယ်လို့ ယူဆတယ်ဆိုပြီး လုပ်လိုက်တော့ ဒီညဘက်မလေးရှားစံတော်ချိန် ၉ နာရီကျော်ကျော်လောက် အထိကတော့ ပြန်ပြီးတော့ ဆရာဝန်တွေနဲ့တွေ့ဆုံပြီးတဲ့အခါမှာ စိုးရိမ်ရတဲ့အနေအထားကနေ ကျော်လွန်သွားပြီပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်းမေ့ဆေးတွေပေး အတတ်နိုင်ဆုံး ဆေးကုတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့အနေအထားကို ပြန်ရသွားပြီဆိုတဲ့အကြောင်းပြောပါတယ်။”
တိုက်ခိုက်သူတွေဟာ ရန်ငြိုးရန်စမရှိပဲတိုက်ခိုက်တာဖြစ်တယ်လို့လည် း ဒဏ်ရာရသူတွေကပြောပြတဲ့ အကြောင်း ဦးစန်းဝင်းကဆက်ပြောပြပါတယ်။
“သေချာမေးကြည့်တော့ သူတို့က တခါမှလည်းအဲဒီလိုပြဿနာတွေမရှိဘူး။ သူတို့ မလေးရှားရောက်တာ ၁ နှစ်ခွဲခန့်ရှိသွားပြီတဲ့ အခုက သူတို့ဈေးဝယ်ပြီးတော့ ပြန်လာတာတဲ့ သောက်စားတာတွေလည်းမရှိပါဘူးတဲ့ ဒီဘုန်းမြင့်နိုင်ဆိုတဲ့ ကောင်ကလေးက ပြောပြတာပါ။”
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မူတွေ နဲ့ ပဋိပက္ခတွေဖြစ်နေချိန်မှာပဲအခု လို့မလေးရှားရောက်မြန်မာတွေတိုက်ခိုက်ခံရတဲ့အတွက် သံသယတွေဖြစ်လာတယ်လို့ လည်း မလေးရှားနိုင်ငံက အကျဉ်းကျနေတဲ့မြန်မာတွေနဲပတ်သက်လို့ မြန်မာသံရုံးနဲ့ အတူ ဘာသာပြန်အဖြစ် လိုက်ပါအကူညီပေးနေတဲ့ ကိုသီဟမောင်မောင်ကလည်း ဆိုပါတယ်။
“တခါတခါကျတော့လည်း ကျနော်တို့က ဟိုဘက်မှာဖြစ်နေတာတွေက ဒီဘက်မှာဖြစ်နေတာတွေနဲ့ သွားသွား တိုက်ဆိုင် နေတာလား၊ ဒါမှမဟုတ် တမင်တကာပဲဖြစ်နေတာလားဆိုတာ အဲဒီအပေါ်မှာ ကျနော်တို့ သံဿယဖြစ်မိတယ်ပေါ့နော်။”
ဦးစန်းဝင်းကတော့ မြန်မာနိုင်ငံကအဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်မူတွေဖြစ်လာတယ်လို့ ယူဆရကြောင်းအခုလိုပြောပါတယ်။
“မလေးရှားမှာလည်း ဒီလိုပြဿနာတွေက မကြာခဏဖြစ်နေတဲ့အခါကျတော့ ပြောလို့မရဘူးပေါ့နော် တိုက်ခိုက်မှုလေးတွေက ဖြစ်နိုင်ပါတယ်။”
မြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်လို့ မလေးရှားဝန်ကြီးချုပ် ဦးဆောင်ပြီး ပြီးခဲ့တဲ့လတွေအတွင်း ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံခဲ့ရပြီးနောက် မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အတွက် မလေးရှားနိုင်ငံကွာလာလမ်ပူမှ ာရှိတဲ့ မြန်မာသံရုံးက သတိပေးချက်တွေ ထွက်လာခဲ့တာပါ။ ဒီနောက်မှာတော့မြန်မာအလုပ်သမားတွေ စေလွှတ်တဲ့ အစီအစဉ်ကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ပါတယ်။ မကြာသေးခင်ကမှ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ မြန်မာလုပ်သားတွေကို ပြန်လည်စေလွတ်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5