သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးမှာ မြန်မာအပါအဝင် တရားမဝင်အလုပ်သမား ၁၈၀ ခန့် ထိန်းသိမ်းခံရ


Malaysia နိုင်ငံမှာ တရားမဝင်အလုပ်သမား များကို ထိန်းသိမ်းစဉ် (ဇူလိုင်လ ၂၀၁၇)
Malaysia နိုင်ငံမှာ တရားမဝင်အလုပ်သမား များကို ထိန်းသိမ်းစဉ် (ဇူလိုင်လ ၂၀၁၇)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၅ ရက်နေ့က မလေးရှား လူဝန်မူကြီးကြပ်ရေးဌာနက တာဝန် အကြီးဆံုံးရှိသူ ကိုယ်တိုင် ဦးစီးပြီး တရားမဝင် နေထိုင် အလုပ် လုပ်ကိုင်နေသူတွေနဲ့ မြန်မာတွေရဲ့ ဈေးဆိုင်တန်းတွေကို ဝင်ရောက် ဖမ်းဆီးတဲ့ စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ရာမှာ လူ (၅၀၀) ကျော်ကို ဖမ်းဆီး စစ်ဆေးခဲ့ပြီး အဲဒီထဲက လူ (၁၈၀) လောက်ကို ထိန်းသိမ်း ခဲ့ပါတယ်။ ဒီထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်နေသူ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် ၊နီပေါနဲ့ ဗီယက်နိုင်ငံသားတွေ ပါဝင်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံကွာလာလမ်ပူမြိုက ဈေးဆိုင်တန်းတွေကို မလေးရှား လဝက ကတာဝန်ရှိသူကိုယ်တိုင်ဦးစီးပြီး ဖမ်ဆီးရာမှာ သြဂုတ်လအတွင်း အကြီးဆုံး စစ်ဆင်ရေးတခုလို့ပြောလို့ရပါတယ်။ ဖမ်းဆီးစစ်ဆေးမူတွေအတွင်း လူ ၅၈၀လောက်ကို စစ်ဆေးမေးမြန်းခဲ့ပြီး အဲဒီထဲက မြန်မာတွေအပါအဝင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း မလေးရှားနိုင်ငံမှာ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေသူ ကိုသီဟမောင်မောင်က ပြောပြပါတယ်။

“ဒီ Operation တော်တော်များများမှာ Immigration က အကြီးဆုံးကိုယ်တိုင်ပါတယ်ဆိုရင် ကျနော်တို့ ဒီ Operationကို ကြီးတယ်လို့ပြောရမှာပေါ့။ စဖမ်းတဲ့ ဟာဆိုရင် လူအယောက် ၅၀၀ ဝန်းကျင်လောက်ဖမ်းတယ်ပေါ့နော်။ ဖမ်းပြီးတော့ တကယ်အထောက်အထားမဲ့ပေါ့နော် အထောက်အထားမရှိတဲ့သူတွေကို ဖမ်းလိုက်တာ ၁၈၀။ အဲဒီ ၁၈၀ ထဲမှာ မြန်မာတော့ပါတယ်ပေါ့ ဒါပေမယ့် မြန်မာဘယ်နှစ်ယောက်ဆိုတာတော့ ကျနော်တို့ အတိအကျမသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မနေ့ကမှ ဖမ်းတာဆိုတော့ ၊ သူတို့ စာရင်းအတိအကျတော့ မထုတ်ပြန်သေးဘူး။ နောက်တချို့တွေက ပါမစ်ရှိတယ်၊ ဒါပေမယ့် နေရာကွဲလွဲလို့ ဒါပေမယ့် တချို့ကျတော့ အလည်ဗီဇာနဲ့ လာတယ် အလုပ်လုပ်ခွင့်မရှိဘူးပေါ့နော် အဲဒီတွေကို သူတို့ ပြန်စိစစ်တဲ့အခါကျရင် မြန်မာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာကတော့ အသေးစိတ်သူတို့ထပ်ပြီးတော့ ကြေညာမှာပေါ့နော်။”

ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းတုန်းက ကွာလာလမ်ပူမြို့က ကုန်တိုက်ကြီးတခုကို စီနင်းဖမ်းဆီးမူပြီးတဲ့နောက် နောက်တကြိမ်အဖြစ် ကွာလာလမ်ပူမြို့ထဲမှာပဲ ဈေးဆိုင်တန်းတွေမှာ အခုလိုကြီးမားတဲ့ စစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လည်းပြောပါတယ်။

“တကယ်ကြီးကြီးမားမား ဖမ်းတာဆိုရင်တော့ ပထမတခေါက်ကတော့ ကုန်တိုက်ပေါ့နော်၊ ဒါ ဒုတိယတခေါက်ကတော့ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာဆိုင်တန်းတွေပေါ့နော် ။ သူကတော့ တင်စားခေါ်ထားတာကတော့ Dhaka အသေးစားလေးပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်တွေများတာပေါ့နော် အဲဒီဘက်မှာ။”

မလေးရှားမှာတော့ တရားဝင်အထောက်အထားတွေလုပ်ဖို့ အတွက် မလေးရှားအစိုးရက ဖေဖေါ်ဝါရီလကနေ ဇွန်လကုန်ထိ နောက်ဆုံးထား လုပ်ဆောင်ဖို့ အတွက် ခွင့်ပြုပေးထားတာပါ။ ဒါပေမယ့် အလုပ်ရှင်အတော်များများဟာ ဈေးပေါပေါရတဲ့ တရားမဝင်အလုပ်သမားတွေကိုသာ ခိုင်းစေချင်တာကြောင့် အခုလိုမျိုး တရားဥပဒေချိုးဖောက်နေတယ် လို့လည်း မလေးရှားအာဏာပိုင်တွေက ဆိုပါတယ်။ အခုလိုမျိုး ဖမ်းဆီးမူတွေကတော့ မလေးရှားနိုင်ငံတဝှမ်းလုံးမှာ ဖမ်းဆီးနေတာဖြစ်ပြီး ကွာလာလမ်ပူလိုမြို့ ကြီးမှာတော့ ဒီလထဲမှာ ဒါဟာအကြီးဆုံး ဖမ်းဆီးမူဖြစ်ပါတယ်။ မလေးရှားရောက်မြန်မာတွေကတော့ အခုလို မြန်မာဆိုင်တန်းတွေဘက်ကမှာ ဖမ်းဆီးနေတာကြောင့် ဈေးဝယ်သွားတာတွေ မလုပ်တော့ပဲ နေကြတယ်လို့ ဆိုပါတယ်။

မြန်မာ အလုပ်သမားလူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာန ၊ အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တော့ မလေးရှားကို တရားဝင်စေလွတ်တဲ့ အလုပ်သမားပေါင်း ၂သိန်းကျော်ရှိပြီး တခြားတရားမဝင်တဲ့နည်းလမ်းတွေနဲ့ မလေးရှားကိုရောက်သွားသူအားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅သိန်းထက်မနည်း ရှိနေတယ်လိုပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG