သုံးရလွယ်ကူစေသည့် Link များ

မြန်မာဒုက္ခသည်တွေ အမေရိကန်မှာ အခြေချနေထိုင်ခွင့် မရေရာ

  • ကိုကျော်အောင်လွင်

ထိုင်းနိုင်ငံတွင်းက ဒုက္ခသည် စခန်းက ကလေးငယ်တွေရဲ့ ကျောင်းဆင်း အိမ်ပြန်ချိန်။ ဇူလိုင်လ ၁ ရက် ၂၀၁၀။

ချမ်းသာတဲ့ နိုင်ငံတွေဟာ ဒုက္ခသည်တွေကို လက်ခံတဲ့နှုန်း ကျဆင်းလာနေလို့ သူ့အနေနဲ့ စိုးရိမ်ပူပန်မိတဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က မနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ ဒုက္ခသည်များနေ့ မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့် အစိုးရ လက်ထက်မှာ ဒုက္ခသည်တွေကို အရင်ကထက် ပိုလျှော့ပြီး လက်ခံနေတာကြောင့် မြန်မာဒုက္ခသည်တွေ အမေရိကန်ကို ရောက်လာရေး အခက်ကြုံ နေရတယ်လို့ မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

ဒုက္ခသည်အရေးကို လူသားချင်း စာနာမှုနဲ့ ဖြေရှင်းရမယ့် အစား နိုင်ငံရေးအရ ဖြေရှင်းနေကြတယ် ဆိုတာကို လူတွေ လက်ခံ ရပါလိမ့်မယ်။ ကမ္ဘာတ၀ှမ်းက ပဋိပက္ခတွေမှာ အရင်ဆုံး ကြုံရတာက လူတွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးကြရတာပါလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ မနေ့က ပြောခဲ့ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေကို လက်ခံမှု လျော့နည်း လာတာကြောင့် ဒုက္ခသည်တွေ နိုင်ငံခြားမှာ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေလည်း လျော့နည်းလာနေတဲ့ အပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကပြောပါတယ်။

“ အခုလို ဒုက္ခသည်တွေကို လက်ခံမှု လျှော့နည်းလာတဲ့ အပေါ် အထူးစိုးရိမ်ရတဲ့ အချက်က နိုင်ငံရေးမှာ အများကြိုက် လိုက်ပြောမှု၊ လူမျိုးရေးမုန်းတီးမှု၊ လူမျိုးရေး ခွဲခြားမှု စတဲ့ အချက်တွေ အပေါ် အခြေခံပြီး ဒုက္ခသည်တွေဟာ ပစ်မှတ်ထားခံကြရတယ်။ ဒုက္ခသည်တွေဟာ အကြမ်းဖက်သမားတွေ မဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ပတ်သက်နေတဲ့ အကြောင်း မကြာခဏ စွပ်စွဲတာတွေကို ခံနေကြတယ်။ တကယ်တော့ သူတို့တွေဟာ အကြမ်းဖက်မှုဒဏ်ကို အရင်ဆုံး ကြုံခဲ့ရတဲ့ သူတွေဖြစ်ပြီး အဲဒီအကြမ်းဖက်မှုတွေကနေ လွတ်အောင် ထွက်ပြေး လာရလို့ သူတို့က ဒုက္ခသည်တွေဖြစ်လာကြတယ်။ ”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း ဒုက္ခသည်အရေးမှာ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုတွေ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ကတိပေး ပြောဆိုလိုက်ပြီး ဒုက္ခသည်တွေကို အခြေချ နေထိုင်ဖို့ လက်ခံတဲ့ နိုင်ငံတွေကိုလည်း အမေရိကန်ပြည်ထောင်စုက ကျေးဇူးတင်တဲ့ အကြောင်း နိုင်ငံတကာ ဒုက္ခသည်များနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်တွေရဲ့ အရေး ကူညီပံ့ပိုးမှုတွေမှာ အမေရိကန်ပြည်ထောင်စုက အများဆုံး အလှူရှင် နိုင်ငံအဖြစ် ဦးဆောင်နေတယ် လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုဟာ အရင်ကထက် စာရင် ဒုက္ခသည်တွေကို လက်ခံတဲ့နှုန်း နည်းနေတာပါ။ ဒီလို ဒုက္ခသည် အရေအတွက် လျှော့ပြီး လက်ခံနေတာကြောင့်မြန်မာဒုက္ခသည်တွေ အမေရိကန်ကို လာပြီး အခြေချဖို့ ကိစ္စမှာလည်း အခက်ကြုံနေရ ပါတယ်။

အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ မြန်မာဒုက္ခသည် ကူညီမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ BACI မြန်မာ အမေရိကန် လူမှုရေးအသင်းရဲ့ ဥက္ကဌ ဒေါက်တာ ရိုဒင်းငါက အခုနှစ်ပိုင်းအတွင်း မြန်မာဒုက္ခသည်တွေ အမေရိကန်ကို အရောက်နည်းလာတဲ့ အကြောင်း ရှင်းပြပါတယ်။

“ ဒီ အမေရိကန် ပြည်ထောင်စုကနေ ဒုက္ခသည်တွေကို ခေါ်ယူတဲ့ ကိစ္စမှာတော့ နှစ်တိုင်း အောက်တိုဘာ ၁ ရက်ကနေ နောက်နှစ် စက်တင်ဘာ ၃၁ အထိပေါ့နော် တနှစ်စာ လွှတ်တော်ကနေ ဆွေးနွေး ဆုံးဖြတ်ပြီးတော့ သမ္မတ ကနေ လက်မှတ်ထိုးရတယ်။ President Obama ကတော့ ၂၀၁၆ ကနေ ၂၀၁၇ စက်တင်ဘာလကုန် အထိ ဒုက္ခသည် တသိန်း တသောင်း လက်ခံဖို့ လက်မှတ်ထိုးခဲ့တယ်။

ဒါပေမဲ့ ခု သမ္မတသစ် Donald Trump ကတော့ အဲဒါကို တသိန်းတသောင်းကို ငါးသောင်းကို လျှော့ချလိုက်တယ်။ ၆၀ ရာခိုင်နှုန်း နီးပါးလောက် လျှော့ချလိုက်တာ ပေါ့နော်။ အဲဒီရဲ့ထိရောက်မှု အနေနဲ့ ကျနော်တို့ မြန်မာပြည်သားတွေ ဒုက္ခသည်တွေလည်း ဒီ အမေရိကန် ပြည်ထောင်စုကို ၀င်ရောက်လာတာ တော်တော်လေး နည်းသွားတယ် ဒီနှစ်။”

ဒေါက်တာ ရိုဒင်းငါတို့ အသင်းရဲ့ စာရင်းကောက်ယူမှု အရ ၂၀၀၅ ခုနှစ် နောက်ပိုင်းကစလို့ အမေရိကန်ရောက် မြန်မာဒုက္ခသည် အရေအတွက်ဟာ ၂ သိန်း ၃ သောင်းလောက် ရှိတယ်လို့ ဆိုပါတယ်။မြန်မာပြည်မှာ အရင်ကဖြစ်ခဲ့တဲ့ စစ်ရေးပဋိပက္ခ တွေကြောင့်ရော လတ်တလော ဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေ ကြောင့်ရော ပြည်တွင်းပြည်ပမှာ ဒုက္ခသည်တွေ အများအပြား ရှိနေတာပါ။ ပြည်ပရောက် မြန်မာဒုက္ခသည်တွေ ကြုံနေရတဲ့ အခက်အခဲတွေ ကိုလည်း ဒေါက်တာ ရိုဒင်းငါက ရှင်းပြပါသေးတယ်။

“ အထူးသဖြင့် ကျနော်တို့ တွေ့ခဲ့သလောက် မလေးရှားမှာ မြန်မာပြည်သား ပေါ့နော်၂ သိန်း နီးပါးလောက် ပိတ်မိ နေပါသေးတယ်။ သူတို့က မလေးရှား ရဲ ကိုလည်းကြောက်နေရတဲ့ အခြေနေမှာ ရှိသေးတယ်။ နောက် ဟိုမှာလည်း အလုပ်လုပ်ရတာ အနှိမ်ခံရတာတို့၊ လုံခြုံမှုမရှိတဲ့ ဟာတွေလည်း အများကြီး တွေ့ရတယ်။ နောက် နယူးဒေလီမှာ သောင်းချီ ပြီးတော့ရှိတယ်။ သူတို့ကလည်း ဒုက္ခ အမျိုးမျိုးရှိတယ်။ တခုကတော့ အိန္ဒိယရဲ ကတော့ မလေးရှားရဲလောက် အဖမ်းဆီး မကြမ်းတမ်းဘူးပေါ့နော်။

ဒါပေမဲ့ စားဝတ်နေရေးမှာ သူတို့ အခက်အခဲ တော်တော်များများ ရှိပါတယ်။ ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည်စခန်း သုံး၊ လေးခု လောက် ကျနော်ရောက်ခဲ့ဖူးတယ်။ အဲဒီမှာ ပြသနာကတော့ နေစရာကတော့ ရတယ်၊ ဒါပေမဲ့ စားဝတ်နေရေးမှာ အလှုရှင်နိုင်ငံတွေရဲ့ရာရှင် အစားအသောက် ကျွေးမွေးတာကိုပဲ သူတို့ မှီခိုပြီးတော့ ဆင်းဆင်းရဲရဲ ကြပ်ကြပ်တည်းတည်း နေကြရတာကို ကျနော် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတယ်။ ”

ဒေါက်တာ ရိုဒင်းငါဟာ အမေရိကန်ရောက် မြန်မာဒုက္ခသည် အရေးတင်မက ဒုက္ခသည်တွေ စိတ်ချလက်ချ ကိုယ့်အိမ်ကိုယ့်ရာ ပြန်ပြီး နေနိုင်ဖို့ကိုလည်း လက်ရှိမြန်မာ အစိုးရကို တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ မြန်မာအစိုးရမှာ ဒုက္ခသည်အရေး ဖြေရှင်းဖို့ အားနည်းနေတဲ့ အကြောင်း သူကဆက်ပြော ပါတယ်။

“ ကျနော် အခုထိတော့ ထိထိရောက်ရောက် မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည် နေရပ်ပြန်ရေး ကိစ္စကို ထိထိရောက်ရောက် မလုပ်သေးဘူး။စီမံကိန်းလည်း သိပ်မရှိသေးဘူးလို့ ကျနော်မြင်ပါတယ်။ ၂၀၁၆ ဇွန်လတုန်းက ကျနော်က BACI ရဲ့ဥက္ကဌပေါ့နော်၊ နောက် ကျနော်တို့ ဒါရိုက်တာ အယ်လ်လိုက်ဆာ ဘာဆီနဲ့ အတူ နေပြည်တော်ကို သွားပြီးတော့ ၀န်ကြီးတွေ၊ အမျိုးသားလွှတ်တော် ဥက္ကဌတို့၊ ၀န်ကြီး အတော်တော်များများနဲ့ တွေ့ပြီးတော့ ကျနော်တို့ ဒီကိစ္စကို ပြောခဲ့တယ်။

ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ အစိုးရက ဒီဟာတွေ လုပ်ဖို့ အဆင်သင့် မဖြစ်သေးတာရယ်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ဟာ Idea ပေါ့နော် Vision ကောင်းကောင်း မချမှတ် နိုင်သေးတာ တွေ့ရတယ်။ ခြုံပြီးပြောရရင် မြန်မာနိုင်ငံ အစိုးရရဲ့ဒုက္ခသည်များ နေရပ်ပြန်ရေး ဆောင်ရွက်မှုဟာ အင်မတန်မှ အားနည်းသေးတယ်လို့ ကျနော်တို့ တွေ့ရပါတယ်။ ”

မြန်မာဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ၄ သိန်း ၉ သောင်း ၃ ရာအထိ မြင့်တက်လာခဲ့တယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက နိုင်ငံတကာ ဒုက္ခသည်များနေ့ အမီ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ် မတိုင်မီက ၄ သိန်း ၅ သောင်း ၁ ထောင့် ၈ ရာ ရှိခဲ့တာကနေ တိုးလာတာလို့ ဆိုပါတယ်။

မြန်မာဒုက္ခ သည် ၂ သိန်း ၇ သောင်း ၆ ထောင့် ၂ ရာကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံက လက်ခံထားတာ ဖြစ်ပြီး ဒါဟာ မြန်မာဒုက္ခသည် အရေအတွက် အများဆုံးကို ဘင်္ဂလားဒေ့ခ်ျ ဘက်က လက်ခံထားတာပါ။ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည် အရေအတွက်က ၁ သိန်း ၂ ထောင့် ၆ ရာ ရှိပြီး မလေးရှားနိုင်ငံမှာ ၈ သောင်း ၇ ထောင် နဲ့ အိန္ဒိယနိုင်ငံမှာ ၁ သောင်း ၅ ထောင့် ၆ ရာရှိနေတယ်လို့ UNHCR ရဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG