သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေး အာမခံချက်ပေးဖို့လိုဟု လှုပ်ရှားသူတွေတောင်းဆို


ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။ (၁၉၉၇ မတ်လ)
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။ (၁၉၉၇ မတ်လ)

စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအနေနဲ့ မိမိတို့နေရပ်ရင်းကို ဘေးကင်းလုံခြုံစွာပြန်နိုင်ရေး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိဖို့နဲ့ ဒုက္ခသည်တွေရဲ့လူမှုဘဝပြန်လည်တည်ဆောက်ရေး အာမခံချက်ပေးနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေကို ထိုင်း-မြန်မာနယ်စပ်ရောက် ဒုက္ခသည်အရေးလှုပ်ရှားသူတွေက နိုင်ငံတကာ ဒုက္ခသည်များနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်း တိုင်းရင်းသားနယ်မြေတွေက စစ်ရေးတင်းမာမှုတွေကြောင့် ထွက်ပြေးနေရဆဲ စစ်ရှောင်ဒုက္ခသည်တွေအရေးလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေ အလေးထားဆောင်ရွက်ပေးဖို့ကို တောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ဇွန်လ၂၀ရက်မှာကျရောက်တဲ့ နိုင်ငံတကာဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာဒုက္ခသည်များနေ့ အထိမ်းအမှတ်အခမ်းအနားပွဲတွေကို ဒုက္ခသည်တွေနဲ့အတူ ဒုက္ခသည်အရေးလှုပ်ရှားသူ အဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပကြတဲ့အထဲ အုန်းဖြန်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခသည်များနေ့ ကျင်းပကြပါတယ်။ ဒုက္ခသည်များနေ့မှာတော့ ဒုက္ခသည်တွေက သူတို့ရဲ့ အခက်အခဲတွေ စိတ်ပူပင်မှုတွေအပေါ် ဆန္ဒဖော်ထုတ်ပြသခဲ့ကြတယ်လို့ နိုင်ငံတကာဒုက္ခသည်များနေ့ အခမ်းအနားကို တက်ရောက်နေတဲ့ အုန်းဖြန်ဒုက္ခသည်စခန်း ကရင်အမျိုးသမီးအဖွဲ့ (KWO) ဥက္ကဋ္ဌ နော်ဘော်ညောက ပြောပါတယ်။

“ဒီနေ့ကျမတို့ ဒုက္ခသည်များနေ့မှာ ကလေးတွေကို အများအားဖြင့်ကတော့ ကျမတို့ ကျောင်းသားတွေကို ဖိတ်တာများတယ်လေ။ ပြီးတော့ ကျမတို့ လှုပ်ရှားမှုတွေကတော့ ကဗျာပြိုင်ပွဲတွေ ၊ ပန်းချီပြိုင်ပွဲတွေပေါ့နော်။ ကဗျာပြိုင်ပွဲတွေကျတော့ ပိုးကရင်၊ စကောကရင်နဲ့ မြန်မာစာ ဆိုပြီးတော့ ၃မျိုးရှိပါတယ်။ ပြီးတော့ ပန်းချီပြိုင်ပွဲရှိတယ်။ ကျပန်းစကားပြောပြိုင်ပွဲရှိတယ်၊ အမေးအဖြေတွေလည်းရှိတယ်။ ပြီးတော့ ဒုက္ခသည်တွေရဲ့ ဆန္ဒပေါ့နော် ၊ မိမိဆန္ဒ သဘောထား မိမိစိုးရိမ်မူဘာတွေ ရှိသလဲဆိုတာကို သူတို့သဘောထားနဲ့ သာရေးခိုင်းတယ်လေ။ ပြီးတော့ ကျမတို့ချီတက်ပွဲလုပ်တယ်လေ၊ အဲဒီချီတက်ပွဲမှာ ကျမတို့ ဗီနိုင်း စာရွက်တွေ ပိုစတာတွေကိုင်ပြီးတော့ ချီတက်လာတယ်။ ပြီးတော့ ကျမတို့ ပန်းဖလက်တွေလည်း ဝေတာပေါ့နော် လက်ကမ်းစာစောင်လေးတွေလည်း ဝေပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်နေချိန်မှာ စစ်ရေးအခြေအနေတွေကြောင့် နေရပ်ရင်းကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတဲ့ နယ်စပ်ကဒုက္ခသည်စခန်းတွေက စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်လာရေး စီစဉ်နေတဲ့အပေါ် ဒုက္ခသည်တွေဘက်ကတော့ တကယ်လို့ပြန်လာရင် သူတို့အတွက် အမှန်တကယ် စိတ်ချလုံခြုံတဲ့ ဒေသတည်ငြိမ်မှုရှိဖို့ နဲ့ရေရှည်ဘဝရပ်တည်ရေး အာမခံချက်ပေးနိုင်ဖို့ အထူးလိုလားကြတယ်လို့လည်း နော်ဘော်ညောက ဆက်ပြောပါတယ်။

“အများစုကတော့ သူတို့ဆန္ဒတွေကတော့ ဒီပြန်လည်နေရာချထားရေးမှာပေါ့နော် လုံခြုံမှုလိုအပ်ပါတယ်။ လုံခြုံမှုရှိမှသာလျှင် သူတို့အတွက်လည်း စိတ်အေးရမှာပေါ့နော် အဲဒါကြောင့်မို့လို့ အများစုကတော့ သူတို့ပြောတာကတော့ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေ ပြီးမှသာလျှင် ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေ၊ ဖွဲ့စည်းပုံတွေကလည်း ပြန်လည်ပြင်ဆင်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေကလည်း တရားဥပဒေစိုးမိုးရေးက ထိရောက်စွာရှိမယ်ဆိုရင် ပြန်တဲ့အချိန်ကျရင် သူတို့အတွက် လုံခြုံမှုရှိမယ်လို့ အများသဘောတွေကတော့ အဲလိုရေးထားပါတယ်။”

အလားတူမြန်မာနိုင်ငံတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေလည်း စစ်ရှောင်ထွက်ပြေးနေရကြရဆဲ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့နဲ့ ဒုက္ခသည်တွေရဲ့ ဘဝလုံခြုံစိတ်ချမှုှရှိအောင်ဆောင်ရွက်ပေးဖို့ နိုင်ငံတကာဒုက္ခသည်များနေ့မှာ တောင်းဆိုလိုပါတယ်လို့ ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် IPDတွေအရေး လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်နန်ဘောက်ကပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ ဒုက္ခတွေက အများကြီးပေါ့နော် ၊ အခုလိုတနိုင်းဘက်မှာလည်း အခုစစ်ရှောင်နေတဲ့ဟာတွေပေါ့ အိုးမဲ့အိမ်မဲ့တွေ နေရာမရှိဘူး၊ အဝတ်အစားမရှိဘူး အခုပိုဆိုးနေတာပေါ့ ။ ဒီဒုက္ခသည်များရဲ့ ပညာရေးက အများကြီးအရေးကြီးနေပါတယ်။ အခုက နေရာထိုင်းခင်းကလည်း ပိုပြီးကျပ်လာတယ်၊ အခန်က ၈ ပေ ၉ ပေလောက်ပဲရှိတဲ့အခန်းမှာ ကျပ်ပြီးနေရတယ်။ တချို့ဆိုရင် အခန်းတောင်မရှိဘူး။ ကိုယ့်ရွာကိုယ့်အိမ်ပြန်မယ်ဆိုရင်လည်း ပိုဆိုးနေတာပေါ့ နိုင်ငံရေးအခြေအနေဆိုးနေတော့ ကြောက်ကြတာပေါ့။ လမ်းသွားလမ်းလာလည်း ကြောက်တဲ့အခါကျတော့ နေရေးထိုင်ရေးကလည်း ပိုပြီးတော့ ဆိုးရွားလာတယ်လို့ ကျမထင်မိပါတယ်။”

ရခိုင်ပြည်နယ်တွင်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာတော့ ဒုက္ခသည်တွေ ရေရှည်လူနေမှုဘဝရပ်တည်နိုင်ရေးနဲ့ စားနပ်ရိက္ခာကူညီထောက်ပံ့နိုင်ရေး နိုင်ငံတကာအဖွဲ့တွေနဲ့ပူးပေါင်းဖြေရှင်းနေသလိုသဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ဒုက္ခသည်တွေအရေးကိုလည်း ဦးစားပေးဖြေရှင်းပေးနေပါတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးတင်မောင်ဆွေကပြောပါတယ်။

“ဖျက်သိမ်းလို့ရတဲ့နေရာရှိသလို နဂိုအတိုင်းပဲ ရှိနေတဲ့ဟာတွေလည်း ရှိပါတယ်။ ဖျက်သိမ်းလို့ရတဲ့ ဘင်္ဂလီစခန်းတွေရော ရခိုင်စခန်းတွေရော ဖျက်သိမ်းလို့ရတဲ့ဟာတွေကို ဖျက်သိမ်းပြီးတော့ ကျေးရွာပုံစံ ပြန်ပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ တချို့နေရာတွေကျတော့လည်း လက်ရှိမြင်တဲ့အတိုင်းပဲ ဒီအတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဘဝနေထိုင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့အစိုးရကော ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံးကရောဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ အခုလောလောဆယ် ရိက္ခာထောက်ပံ့နေတာနဲ့ ပတ်သက်လို့လည်း ဖြတ်တောက်ခြင်းမရှိပါဘူး။ မြင်တဲ့အတိုင်း ရိက္ခာကို ဆက်လက်ထောက်ပံ့ပေးထားပြီးတော့ သူတို့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့အဆင့်အထိ ရောက်အောင် ကျနော်တို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ ဇွန်လ ၂၀ရက်နေ့ နိုင်ငံတကာဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ Global Trends Report ကမ္ဘာတဝှမ်းဒုက္ခသည်များအခြေအနေဆိုင်ရာ အစီရင်ခံစာမှာလည်း စစ်ပွဲအပြင် အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကြောင့် ကမ္ဘာ့တဝှမ်းဒုက္ခသည်နဲ့ စစ်ဘေးရှောင် IDP အရေအတွက်ဟာ တိုးလာနေပြီး ၂၀၁၆ခုအကုန်မှာ ၆၅.၆သန်းရှိလာလို့ ၃စက္ကန့်တိုင်းမှာ လူတဦးစီဟာ ဒုက္ခသည် ဒါမှမဟုတ် စစ်ဘေးရှောင် IDP အခြေအနေကို ရောက်နေကြရတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG