ကန်သက်တမ်းဝက်ရွေးကောက်ပွဲ မြန်မာနွယ်ဖွားတချို့ ဘယ်လိုမဲပေးခဲ့ကြသလဲ

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲမှာ အမေရိကန်မှာ အခြေချနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေလည်း ပါဝင် မဲပေးကြပါတယ်။ ဘယ်ပါတီကို ဘာကြောင့် မဲပေးကြတယ် ဆိုတာကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နိုဝင်ဘာလ ၆ ရက် အင်္ဂါနေ့ ကျင်းပတဲ့ရွေးကောက်ပွဲမှာ အမေရိကန်လွှတ်တော် ၂ ရပ်ထဲက အောက်လွှတ်တော်အတွက် အမတ်နေရာ ၄၃၅ နေရာစလုံးနဲ့ အထက်လွှတ်တော်အတွက် အမတ်နေရာ ၁၀၀ ထဲက သုံးပုံတပုံဖြစ်တဲ့ ၃၅ နေရာအပြင် ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာအတွက်ပါ မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။

Indiana ပြည်နယ်မှာ အခြေချနေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေထဲမှာ ၉၀ % က ချင်းတိုင်းရင်းသားတွေ ဖြစ်ပြီး အများစုဟာ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေသူတွေ စီးပွါးရေသမားတွေ များပါတယ်။ အမေရိကန်ရဲ့ ပါတီကြီး ၂ ရပ်ထဲက ဘယ်ပါတီကိုမှာ ဝင်မထားသူတွေ များပြီး သူတို့အတွက်လုပ်ပေးနိုင်စွမ်းရှိသူကို မဲပေးဖို့ ဆန္ဒရှိကြတယ်လို့ ချင်းလူမှုအသိုင်းဝိုင်းမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးVan Ceu Uk ကပြောပါတယ်။

"ကျနော်တို့ ချင်းတွေမှာ မဲပေးတဲ့လူများနေပြီ ဘယ်နှစ်ယောက်အတိအကျလဲတော့မသိဘူး။ ပေးမယ့်လူအများကြီးရှိပါတယ်။ အားလုံးတော့မတူကြဘူးပေါ့နော် တချို့က ဒီမိုရရက် ပေးမယ့်လူရှိတယ်၊ တချို့က ရီပတ်ပလီကန်ကို ပေးမယ့်လူရှိတယ်၊ ဒါပေမယ့် ကျနော်တို့ချင်းတွေကတော့ ပါတီကိုတော့မသွားဘူး လူမှာပဲ မူတည်ပါတယ်။ ကျနော်တို့ချင်းတွေကတော့ ပါတီ နဲ့မဆိုင်ပါဘူး၊ ဘယ်သူကကောင်းမယ်ဆိုတာကိုပဲ မဲပေးရမှာပဲလေ။ ဒီမှာ Senator ကိုလည်းပေးရမယ်၊ State Level မှာလည်း ပေးစရာရှိတယ်။ State Level မှာ Joe Donnelly နဲ့ Mike Braun ရှိတယ် အဲဒီ၂ ယောက်ထဲမှာတော့နည်းနည်းတော့ခက်ပါတယ်။ အခုလောလောဆည်တော့ Joe ကတော့ တခါတော့လုပ်ပြီးပြီး ဒါပေမယ့် ထူးထူးခြားခြားလုပ်သွားတာတော့မရှိပါဘူး။ Mike Braun ကိုတော့ပေးမယ် သူကတော့ Republican ပဲ စီးပွားရေးပိုင်းမှာတော့ Mike Braun ကိုတော့ ပိုစိတ်ချတာပေါ့နော်။ Businessman ဆိုတော့ စီးပွားရေးပိုင်းမှာတော့ သူကတော့ ပိုကောင်းမယ်လို့တော့ထင်တာပဲလေ။ Trump လည်း ပြောမယ်ဆိုရင် Experience မရှိဘူးပေါ့ ဒါပေမယ့် စီးပွားရေးပိုင်းမှာတော့ သူ့လက်ထက်မှာ US Econimic ကကောင်းလာတယ်လို့ထင်တာပေါ့လေ။ အဲလိုပဲ ကျနော်မျှော်လင့်ချက်ရှိတာပေါ့။"

မြောက်ကာရိုလိုင်းနားမှာ နေထိုင်သူ စီးပွါးရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုဝေမျိုးလင်းကတော့ ဒီမိုကရက်တစ်ပါတီဝင် တယောက်ဖြစ်ပြီး ကြိုတင်မဲပေးခဲ့သူပါ။

"ကျနော်ကတော့ သောကြာနေ့က မဲထည့်ခဲ့တယ် မဲထည့်တာကတော့ issue တွေကိုကြည့်ပြီးတော့ မဲထည့်ရမှာပေါ့နော် ဒါပေမယ့် အခုနောက်ပိုင်းကတော့ ပါတီလိုင်းပဲ Vote လုပ်တာပေါ့နော်။ ဒီမိုကရက်တစ်မြင်တော့ထည့်လိုက်တာပဲ။ ဒါကတော့ ကိုယ့်ပါတီနဲ့ ၁၀၀ ရာခိုင်နှုန်းသဘောတူလားဆိုတော့ မတူဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်နဲ့ကိုက်ညီတဲ့ ၈၀ ရာခိုင်နှုန်း ညီတာ Progressive Democrat ပေါ့နော်မြောက်ကာရိုလိုင်းနား Senator တွေလည်းဝင်မရွေးလို့ပါ။ ဆိုတော့လွှတ်တော်အမတ်တွေပဲရှိတယ်၊ အောက်လွှတ်တော်အမတ်တွေပဲ ။ ကိုယ်ကတော့ ကိုယ့်ပါတီကို Vote လုပ်တယ်။"

Nevada ပြည်နယ်မှာ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်နေသူ တဦးဖြစ်တဲ့ ဦးဆန်းထွန်းဦးကတော့ လက်ရှိ အမေရိကန်ရဲ့ စီးပွါးရေးကအစ ရီပတ်ဘလစ်ကင်ပါတီရဲ့ လုပ်ပုံကိုင်ပုံကို ကြိုက်တာကြောင့် ဒီပါတီကိုပဲ မဲပေးခဲ့တယ်လို့ ပြောပါတယ်။

"ကျနော်ကတော့ လောလောဆည်ဖြစ်နေတာကိုကြည့်တော့ ရီပတ်ဘလစ်ကင်ကိုပိုသဘောကျပါတယ်။ အဓိကအကြောင်းအရင်း ၃ ခုရှိတယ်၊ တခုကတော့ Trump လုပ်နေတာတွေ စီးပွားရေးက ကိုယ့်မျက်စိရှေ့တင် တက်လာတာကိုတွေ့ရတော့ ကျနော်သူ့ကို အားကျပါတယ်။ ဒုတိယတချက်ကတော့ သူက နယ်စပ်ကို စစ်တပ်တွေလွှတ်တာတွေ အဲဒါလည်း သူ့ကို တော်တော်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာမျိုးကို သူဖြေရှင်းတာက မလောင်ခင်ကတည်းက ငြိမ်းတဲ့သဘောမျိုးပေါ့လေ သူက ပြတ်ပြတ်သားသားအရေးယူထားတဲ့သဘောမျိုးသဘောကျပါတယ်။ နောက်တခုက Terrorist တွေ မြန်မာပြည်မှာလည်း အခုက Terrorist ရှိတယ်လို့ပြောလို့မရပေမယ့် ဟိုနားတခု ဒီနားတခု နောက်ပြီးတော့ မူးယစ်ဆေးနဲ့ ပတ်သက်တာတွေက ခဏခဏဖြစ်နေတော့ ဒါတွေကို ပြတ်ပြတ်သားသားနှိမ်နင်းတဲ့သဘောမျိုးရှိတယ် အဲဒါတွေကို ကျနော်တအားကြိုက်တယ်ပေါ့နော်။ ကျနော်တို့တိုင်းပြည်ကိုလည်း အဲလိုလေးဖြစ်စေချင်တော့လေ ၊ ကျနော် Republican ကလူကို တတ်နိုင်သလောက်လူရွေးပြီးပေးခဲ့ပါတယ်။"

ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ မမ Merrylin ကတော့ ဒီမိုကရက်တစ်ပါတီရဲ့ လုပ်ရပ်ကို သဘောကျသူ တဦးပါ။

" ဒီမိုကရက်ကိုပေးလိုက်တယ်။ Governer နဲ့ Senator ပေါ့နော်။

မေး။ ။ဘာကြောင့်ဒီမိုကရက်ကိုပေးတာလဲ

ဖြေ။ ။ နိုင်ငံခြားသား ဒီတိုင်းပြည်ကိုလာတာ immigration ဆိုရင် Republican က ကန့်ကွက်ချင်တယ်၊ ဒီမိုကရက်က ပိုပြီးတော့ ကြိုဆိုတယ်လေ။အဲဒီတော့ ဒီမိုကရက်ပိုကောင်းတယ်လို့ထင်တယ်။ တချို့မြန်မာတွေက ဒီမိုကရက်ကြိုက်တယ်၊ သူတို့ ဒီတိုင်းပြည်ကိုလာဖို့ immigration issue ကပိုပြီးတော့ အရေးကြီးတယ်လေ။ ဆိုတော့ သူတို့က ဒီမိုကရက်ကြိုက်တယ်။ ဒါပေမယ့် ချမ်းသာတဲ့ မြန်မာတွေကတော့ Republican ကိုကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ Tax တွေကိုလျော့လျော့ပေးတယ်လေ Republican တွေက။"

လက်ရှိမှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတနေရာရော လွှတ်တော်နှစ်ရပ်စလုံးကိုပါ ထိန်းချုပ်ထားတာပါ။ ဒါပေမဲ့ ဒီမိုကရက်တွေကတော့ အနည်းဆုံး လွှတ်တော် တရပ်ကိုပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်သက်တမ်းဝက်ရွေးကောက်ပွဲ မြန်မာနွယ်ဖွားတချို့ ဘယ်လိုမဲပေးခဲ့ကြသလဲ