မြန်မာသတင်းသမားတွေ သတ်ဖြတ်ခံနေရမှု Guardian သတင်းစာမှာဖော်ပြ

သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူ

မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ကြောက်လန့်နေအောင် သတ်ဖြတ်တဲ့အထိ စစ်ကောင်စီက လုပ်နေတယ်လို့ ဗြိတိန်ထုတ် အထင်ကရသတင်းစာကြီးတခုဖြစ်တဲ့ Guardian သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို သတင်းပေးပို့တဲ့ သတင်းသမား ၄ ယောက် အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ဟာ သတင်းသမားတွေ အသေအပျောက် အများဆုံး နှစ်ဖြစ်ကြောင်း စက်တင်တာ ၁၃ ရက်ထုတ် သတင်းစာမှာ ဆောင်းပါးရှည်နဲ့ ရေးသားဖော်ပြခဲ့တာပါ။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် အသက် ၂၆ နှစ်အရွယ် ကိုဝင်းထွဋ်ဦးနဲ့ အသက် ၂၈ နှစ်အရွယ် ကိုထက်မြတ်သူတို့ကို စစ်တပ်က ပစ်သတ်ခဲ့တဲ့ကိစ္စ၊ အဲဒီသီတင်းပတ်ထဲမှာပဲ ဩဂုတ်လ ၁၉ ရက်နေ့က အသက် ၅၀ အရွယ် ရုပ်ရှင်မှတ်တမ်း ရိုက်ကူးသူ ဦးဖေမောင်စိမ်း ထောင်ကလွတ်ပြီး ၃ ရက်အကြာ သေဆုံးခဲ့တာတွေကို အကျယ်တဝင့် ရေးသားထားပါတယ်။

ဦးဖေမောင်စိမ်းဟာ စစ်ကြောရေးမှာ နံရိုးတွေ ကျိုးကြေခဲ့ပြီး အကျဉ်းထောင်ထဲမှာ ၂ နှစ်ကြာ ဆေးကုသခွင့် မရခဲ့တာ၊ အစားအစာ ဝဝလင်လင် မစားခဲ့ရတဲ့ဒဏ်တွေကြောင့် သေဆုံးခဲ့တာလို့ မိသားစုဝင်တွေရဲ့ ပြောပြချက်တွေနဲ့အတူ သတင်းမှာ ရေးသားထားပါတယ်။

၂၀၂၄ နှစ်ဆန်း ဇန်နဝါရီလအတွင်းကလည်း စစ်တွေမြို့ အခြေစိုက် Western News သတင်းဌာနရဲ့ သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်းလည်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာကို Guardian သတင်းစာကြီးရဲ့ ဆောင်းပါးမှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ် မြန်မာ သတင်းသမားတွေ ပိုပြီး အသတ်ခံရတာအပြင် စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်၊ အပြင်းထန်ဆုံး ထောင်ဒဏ်တွေ ချမှတ်ခံနေရတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုလည်း ဆောင်းပါးမှာ ထည့်သွင်းထားပါတယ်။ အခုလို သတင်းထောက်တွေ ဖမ်းဆီး အကျဉ်းချ သတ်ဖြတ်ခံနေရတဲ့ကြားမှာ မြန်မာနိုင်ငံက သတင်းသမားတွေဟာ ရဲစွမ်းသတ္တိရှိရှိနဲ့ အသက်စွန့်ပြီး သတင်းတွေကို ထုတ်ပြန်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ အာရှ ပိစိဖိတ်ဆိုင်ရာ RSF တာဝန်ခံရဲ့ အပြောကို Guardian သတင်းစာကြီးရဲ့ ဆောင်းပါးမှာ ကိုးကားဖော်ပြခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာသတင်းသမားတွေ သတ်ဖြတ်ခံနေရမှု Guardian သတင်းစာမှာဖော်ပြ