သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်မှာ သတင်းသမားနှစ်ဦးသတ်ဖြတ်ခံရမှု RSF ဝေဖန်ပြစ်တင်


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကိုဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ခံရတယ်လို့ နယ်စ ည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုထက်မြက်နဲ့ ကိုဝင်းထွဋ်ဦး။ (ဓာတ်ပုံ- RSF)
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကိုဝင်ရောက်စီးနင်းပြီး သတ်ဖြတ်ခံရတယ်လို့ နယ်စ ည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားတဲ့ ကိုထက်မြက်နဲ့ ကိုဝင်းထွဋ်ဦး။ (ဓာတ်ပုံ- RSF)

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က မွန်ပြည်နယ် သတင်းသမားနှစ်ဦးနေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာလည်း Dawei Watch သတင်း ဌာနရဲ့ တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ နှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ ဒီလို သတင်းသမားတွေကို ပစ်မှတ်ထားနှိပ်ကွပ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်ဘက်က သတင်းပေးပို့ချက်ကို တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်နေ့က မွန်ပြည်နယ်က သတင်းထောက် ကိုထက်မြက်နဲ့ကိုဝင်းထွဋ်ဦးတို့ နှစ်ဦးကို သူတို့နေအိမ်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းပစ်ခတ်ခဲ့ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြခဲ့သလို RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ဒီ ဖြစ်ရပ်အပေါ် စစ်ကောင်စီကို ဝေဖန်ရှုတ်ချခဲ့ပါတယ်။ တချို့ဒေသတွင်းသတင်းတွေမှာတော့ တဦးကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ RSF ထုတ်ပြန်ချက်မှာတော့ သူတို့နှစ်ဦးကို သူပုန်တပ်ဖွဲ့ဝင်တွေဆိုပြီး စစ်တပ် လိုလားသူတွေက လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) နဲ့ The Nation Voice သတင်းဌာနတွေမှာ လုပ်ကိုင်ခဲ့ဖူးပြီး ဆက်ပြီးလည်း သတင်းသမားတွေအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသူတွေလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်ဖြေရှင်းတာမျိုး မတွေ့ရသေးပါဘူး။ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး ၆၂ ဦး ဖမ်းဆီးထောင်ချခံထားရတယ် လို့ နယ်စည်းမခြားသတင်းထောက်များ(RSF)ရဲ့ ထုတ်ပြန်ထားတာပါ။

အခုနှစ်ဆန်းပိုင်းကလည်း Dawei Watch သတင်းဌာနရဲ့ တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် သတင်းထောက် ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ နှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပြီး ဒါဟာ မတရားနှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာလို့ Dawei Watch သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ဗွီအိုအေကို ပြောပါတယ်။

“ဖမ်းသွားပြီးတဲ့အချိန်မှာ စစ်ကြောရေးကို ပို့ပြီးတော့ စစ်ဆေးတယ်။ အဲ့ဒါပြီးတဲ့အချိန်မှာ မြိတ်ထောင်ကို ပို့ပြီးတော့ စစ်ခုံရုံးနဲ့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ အခုလိုမျိုး ဘာပုဒ်မနဲ့ အမိန့်ချလိုက်ရမှန်းမသိရဘဲနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရတယ်။ ဒီဖြစ်စဉ်ကြီးတခုလုံးကို ပြန်ကြည့်လို့ရှိရင် ရိုးသားမှုလုံးဝမရှိဘူး။ သူတို့တွေက သတင်းသမားတွေကို ဖမ်းတယ်၊ ဖမ်းပြီးသွား လို့ရှိရင် စစ်ခုံရုံးမှာ သူတို့ စိတ်ကြိုက် ပုဒ်မတွေနဲ့ တရားစွဲဆိုတယ်။ ပြီးရင် စိတ်ကြိုက် အမိန့်ချတယ်။ အဲ့လိုအခြေအနေမျိုးဖြစ်နေတယ်။ သတင်းသမားတွေက တရားမျှတမှု ဘာမှမရှိဘူး၊ ဘာဖြေရှင်းပိုင်ခွင့်မှ မရှိဘူး။”

Dawei Watch ဌာန သတင်းထောက် နှစ်ဦးရဲ့နေအိမ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာလည်း ရိုက်နှက်စစ်ဆေးတာ ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ တိတ်တဆိတ် တရားစီရင်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တသက်တကျွန်းနဲ့ မေလလောက်မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ချမှတ်ခံရတာလို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့အကြောင်းရင်းနဲ့ တရားစွဲဆိုတဲ့ပုဒ်မအသေးစိတ်ကို ထုတ်ပြန်ပြောဆိုတာ မရှိဘဲ တရားစီးရင်ခဲ့တာလို့ Dawei Watch သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ပြောပါတယ်။

လွတ်လပ်ခွင့်ကို ပိတ်ပင်တားမြစ်ပြီး သတင်းသမားတွေ နှိပ်ကွပ်နေတဲ့အပေါ် နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကို ပိုမို ဖိအားပေးဖို့ လိုအပ်တယ်လို့ Dawei Watch သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ပြောပါတယ်။

“စစ်ကောင်စီက သတင်းသမားတွေကို နှိပ်ကွပ်ချင်တဲ့အခါကျတော့ သတင်းသမားကိုဖမ်းမိတာနဲ့ သတင်းနဲ့ပတ်သက်တဲ့ ပုဒ်မတွေနဲ့ အရေးမယူဘဲနဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ အရေးယူပြီးတော့ အကြမ်းဖက်ပုဒ်မတွေထဲမှာမှ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်မယ့်ဟာတွေကို ရှာကြံပြီးတော့ ဒီပြစ်ဒဏ်တွေကို ချမှတ်ပြီးတော့ အရေးယူနေတာမျိုး ကျနော်တို့ တွေ့ရတယ်။ တကယ်တော့ စစ်ကောင်စီရဲ့ လုပ်ရပ် တွေက အင်မတန်တရားမျှတမှု ကင်းမဲ့တယ်။ သတင်းသမားတွေကို အခုလို အညှိုးကြီးကြီးနဲ့ လုပ်နေမျိုးတွေ ရပ်တန်းကရပ်ပြီးတော့ မတရားနှစ်ရှည်ထောင်ဒဏ်ချရတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတကာကလည်း စစ်ကောင်စီကို ပိုဖိအားပေးဖို့ လိုမယ်လို့ ကျနော်မြင်တယ်။”

စစ်ကောင်စီက လာမယ့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောလာတာနဲ့အတူ နိုင်ငံရေးလုပ်ငန်းစဉ်နောက်မှာ သတင်းသမားတွေကို ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာနိုင်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

“အခုလို မတရား နှိပ်စက်ကျူးလွန်ခံနေရတာတွေကို ကျနော်တို့ ရှုတ်ချတယ်၊ ကန့်ကွက်တယ်ဆိုတာ ထက် ဒီထက်ပိုတဲ့ အရေးယူမှုဆို ဥပမာ ဒီဥစ္စာသည်- ဒါမျိုးသတင်းသမားကို ရည်ရွက်ချက်ရှိရှိ ပစ်သတ်တာသည် စစ်ရာဇဝတ်မှု ပြစ်မှုမျိုး ဘယ်လိုမျိုး အရေးယူနိုင်တယ်ဆိုတဲ့ အဆင့်အထိကိုပါ ကျနော်တို့ကလည်း ဒီဘက်ကနေ ပိုပြီးတော့ သတင်းသမားတွေကို ပိုကာကွယ်ဖို့ လိုတယ်။ ငါတို့ သတင်းသမားတော့ မထိနဲ့၊ သတင်းသမားကို ထိရင်တော့ ဒီဟာနိုင်ငံတကာရော ကျနော်တို့ နိုင်ငံတကာဥပဒေတွေရော စစ်ရာဇဝတ်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ နောက်တဆင့် ထပ်တက်ဖို့တော့ လိုနေပြီ။”

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနဲ့ နယ်စည်းမခြားသတင်းထောက်များ (RSF)၊ ထိုင်းသတင်းမီဒီယာကောင်စီ စတဲ့ နိုင်ငံခြား သတင်းထောက်အသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး မြန်မာသတင်းသမားတွေအတွက် ထိရောက်တဲ့ အကာအကွယ်ပေးနိုင်အောင် ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း အတွင်းရေးမှူး ဦးတိုးဇော်လတ် က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG