သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်ထိုမြို့ စစ်ကောင်စီတပ် တိုက်ခိုက်မှု သတင်းထောက်နှစ်ဦးသေဆုံး


ကိုဝင်းထွဋ်ဦး (DVB နယ်သတင်းထောက်) Photo: Win Htut Oo's FB
ကိုဝင်းထွဋ်ဦး (DVB နယ်သတင်းထောက်) Photo: Win Htut Oo's FB

မွန်ပြည်နယ်ကျိုက်ထိုမြို့က အလွတ်တန်းသတင်းထောက်ကိုထက်မြက်အိမ်ကို စစ်ကောင်စီတပ် တွေကအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် DVB နယ်သတင်းထောက်တဦး နဲ့အလွတ်တန်းသတင်းတန်းတဦး အပါအဝင် သတင်းထောက် ၂ ဦး သေဆုံးပြီး အဲဒီ အိမ်ထဲကိုရောက်နေတဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖဲွဝင် ၂ဦးသေဆုံးသွားခဲ့ပါတယ်၊ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက လက်ပြကျေးရွာအနီးမှာ သြဂုတ် ၂၁ ရက် မနက်က အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက အင်အား ၃၀ ကျော်နဲ့ ဝင်ရောက်စီးနင်း ပစ်ခတ်မှုလုပ်ခဲ့တာပါ ၊ ဒီထဲမှာ အလွတ်တန်း သတင်းထောက် ကိုထက်မြက်၊ DVB နယ်သတင်းထောက်ဖြစ်တဲ့ ကိုဝင်းထွဋ်ဦးနဲ့ ကျိုက်ထိုတော်လှန်ရေးဖဲွ့ဝင်၂ ဦး သေဆုံးသွားခဲ့တယ်ဆိုပြီး DVB နယ်−သတင်းထောက်တွေရဲ့ တာဝန်ခံ ဦးအောင်ကျော်က အခုလို ပြောပါတယ်။

" ကိုထက်မြက်ရဲ့အမေက စိမ်းလဲ့တင်နားက စားသောက်ဆိုင်မှာ စျေးရောင်းနေတာ သေနတ်သံတွေ ကြားလို့ အိမ်ကို ပြန်ပြေးသွားတဲ့အခါမှာတော့ ကိုထက်မြက်အမေ မြင်ရတာက DVB သတင်းထောက် ကိုဝင်းထွဋ်ဦးက ဆီးခုံမှာသေနတ်ကျည်ဆံ ထိပြီး ဒဏ်ရာနဲ့ လဲကျနေတာကို မြင်ရတယ်၊ အခု စီးနင်းခံရအိမ်က သတင်းထောက်ဟောင်း ကိုထက်မြက်ရဲ့အိမ်ပါ၊ ဝင်းထွဋ်ဦးနဲ့ ကိုထက်မြက် ငယ်သူငယ်ချင်းတွေပါ ဒီအိမ်မှာပဲ နေထိုင်စားသောက်နေတဲ့သူလို့ သိရပါတယ်။ သတင်းထောက် ကိုဝင်းထွဋ်ဦးကတော့ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့ အချိန်မှာ သူက ပုဒ်မ ၅၀၅−က နဲ့ ၀ရမ်းထုတ်ခံ ထားရတဲ့သူပါ။ အဲဒီနောက်သူက သတင်း သင်တန်းတွေတက်ခဲ့တယ် Mizzima တို့ DVB တို့ကပေးတဲ့ သင်တန်းတွေ တက်ခဲ့တယ်၊ သူနဲ့ ငယ်သူငယ်ချင်းလည်းဖြစ် မိသားစုလိုဖြစ်နေတဲ့ ကိုထက်မြက်အိမ်မှာနေတာပါ။"

သတင်းထောက်၂ ဦးကတော့ တအိမ်တည်းနေထိုင်သူတွေဖြစ်ပြီး ကိုဝင်းထွဋ်ဦးကတော့ DVB ကို တလကို သတင်းအပုဒ်ရေ ၈၀ လောက်တောင် ပို့နိုင်ခဲ့သူလို့ ဆိုပါတယ်။ စစ်ကောင်စီဘက် ဝါဒါဖြန့်သတင်းတွေမှာတော့ သေဆုံးသူတွေအားလုံးကို ကျိုက်ထိုတော်လှန်ရေး အင်အားစုတွေကို ပြောဆိုထားပေမယ့် DVB ကတော့ ငြင်းဆို ထားပါတယ် ။သတ်ဖြတ်ခံရသူ သတင်းသမား၂ ဦးကတော့ နယ်သတင်းထောက်တွေသာ ဖြစ်တယ်လို့ ဦးအောင်ကျော်က ဆက်ပြောပြပါတယ်။

" အဲဒါကတော့ အသေအချာ ကွန်ဖန်းတော့ မလုပ်နိုင်ဘူး သေသွားတဲ့သူတွေနဲ့ KRF ပဲ သိနိုင်မယ့်ကိစ္စပါ။ သူတို့အိမ်ကို KRF လူတွေက လာတာက သူငယ်ချင်းတွေဖြစ်လို့လား သတင်းကိစ္စတွေကြောင့်လားဆိုတာ အဲဒါတော့ အသေချာတော့ မပြောနိုင်ဘူး။ သတင်းထောက်ဆိုတာ လူတိုင်းနဲ့ဆက်ဆံရတာပဲ ဝင်းထွဋ်ဦး ဆိုရင်လည်းသူက KRF သတင်းပဲ ရေးတာမဟုတ်ဘူး သူဆိုရင်လည်း မွန်ဘက်က သတင်းတွေ၊ ကရင်ဘက်က သတင်းတွေလည်း ရေးတာပဲ၊တခါတလေကျရင် Non CDM ဝန်ထမ်းတွေကို မေးပြီး သတင်းလုပ်တာပဲ သူလက်လှမ်းမှီသလောက် ရေးတာပဲ။ ပြောချင်တာက သတင်းသမားဆိုတာ ဘယ်သူနဲ့မဆို ဆက်ဆံပြီး အလုပ်လုပ်ရမှာကတော့ ကျနော်တို့အလုပ်ပဲလေ။"

သေဆုံးသွားတဲ့ DVB သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်သတင်းထောက် ကိုထက်မြတ် သူတို့ရဲ့ အလောင်းတွေကို မိသားစုထံ ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့လည်း မိသားစုဝင်တွေကို ကိုးကားပြီး DVB သတင်းမှာဖေါ်ပြပါတယ်။

အခုလို သတင်းထောက်တွေအပါအဝင် လူ ၄ ဦး သေဆုံးမှုနဲ့ပတ်သက်လို့ နယ်မြေခံ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး၊ သေဆုံးသွားတဲ့ သတင်းထောက်၂ ဦးကတော့ အသက် ၂၆ နှစ်နဲ့ အသက် ၂၈ အရွယ် လူငယ်တွေဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG