သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ သတင်းထောက်တွေ ဖမ်းဆီးထောင်ချမှု သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းဖြစ်


ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်
ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်

ရခိုင်ဒေသတွင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် DMG သတင်းဌာနက သတင်းထောက်တဦးနဲ့ ရုံးဝန်ထမ်းတဦးကို ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်တဲ့အပြင် DMG ၀န်ထမ်းတွေကို ဖမ်း၀ရမ်းထုတ်တဲ့လုပ်ရပ်ဟာ သတင်းသမားတွေအပေါ် စစ်ကောင်စီရဲ့ အညှိုးထားဖိနှိပ်မှုကို ပြသနေကြောင်း DMG တာ၀န်ခံအယ်ဒီတာ ကိုနေ၀င်းစံ က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ရှုတ်ချထားသလို လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) ကလည်း ကန့်ကွက်ထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ရာနဲ့ချီဖမ်းဆီးခံခဲ့ရသလို သတ်ဖြတ်ခံရတာတွေလည်းရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ Development Media Group (DMG) က သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချ မှတ်လိုက်တာပါ။

သတင်းထောက် ကိုထက်အောင်နဲ့ ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်တယ်လို့ မဟုတ်မမှန်စွပ်စွဲပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်ချမှတ်လိုက်တာပါ။ သတင်းသမားတွေကိုနှုတ်ပိတ်အောင် လုပ်တဲ့ဒီလို မတရားလုပ်ရပ်တွေကို ရှုတ်ချကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ပြောဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ သတင်းထောက်တွေကို ခိုင်လုံတဲ့ သက်သေမရှိဘဲနဲ့ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာကို လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့လည်း DMG သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။

“ ကျွန်တော်တို့ DMGသတင်းဌာနရဲ့ သတင်းထောက်တခုဦးဖြစ်တဲ့ ကိုထက်အောင်နဲ့ ရုံးဝန်ထမ်းတဦးဖြစ်တဲ့ ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက အခုလို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီးတော့ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ်မှာ ကျနော်တို့ လက်ခံနိုင်စရာ မရှိဘူး၊ ဘာလို့လည်းဆိုတော့ အခုစီရင်ချက်ဟာ စစ်ကောင်စီက မီဒီယာတွေအပေါ်မှာ ဖိနိုပ်ဖို့အတွက် အာဏာသုံးပြီးတော့ ထောင်ချလိုက်တဲ့ လုပ်ရပ်သာဖြစ်တယ်၊ ကိုထက်အောင် က သတင်းထောက်အလုပ်သူ့အလုပ်ကို သူလုပ်တာဖြစ်တယ်၊ ကိုစိုးဝင်း အောင်ကလည်း ရုံးစောင့်တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်တဲ့ အတွက် သူတို့နှစ်ဦးလုံးဟာ ပြစ်မှုကျုးလွန် ထားသူတွေမဟုတ်ဘူး၊ ထောင်ဒဏ်ချမှတ် လောက်တဲ့အထိ သက်သေအထောက်အထား မရှိပဲနဲ့ အခုလို ထောင်ချလိုက်တာက စစ်ကောင်စီက အာဏာကို အလွဲသုံး စားလုပ် တာဖြစ်တယ်။”

ဒါ့အပြင် DMG သတင်းဌာနက သတင်းထောက်နဲ့ ဝန်ထမ်း ၁၈ဦးတို့ကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုထားတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ ဖမ်းဆီးခံရတဲ့အမှုမှာပဲ နောက်ထပ် ကျွန်တော်တို့ DMG သတင်းဌာနာက ဝန်ထမ်း ၁၈ယောက်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှု ဖွင့်ထားပါသေးတယ်ပေါ့နော်၊ လက်ရှိမှာတော့ ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ကတော့ ထောင်ချခံထားရတယ်။ ကျန်တဲ့ ဝန်ထမ်း ၁၈ယောက်ကလည်း မိသား စုတွေနဲ့ ကင်းကွာပြီးတော့ စစ်ကောင်စီရဲ့လက်ကလွတ်အောင် တိမ်းရှောင်နေရတဲ့ အနေအထားမှာရှိပါတယ်။”

စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးဖို့ ကြိုးစားတာဟာ သတင်းရယူ တင်ပြခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ DMG သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက အခုလို ဆက်ပြောပါတယ်။

“ သတင်းသမားတွေကို အခုလိုမျိုးအစုလိုက်အပြုံလိုက်ဖမ်းဆီးဖို့ ကြိုးစားတာက စစ်ကောင် စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်နေတဲ့ DMG သတင်းဌာနအပေါ်မှာ အငြိုး အတေးထားပြီးတော့ လုပ်တာလို့ ကျနော်တို့ယူဆတယ်။ သတင်းသမားတွေကို ဖိနိုပ်ဖို့ ကြိုးစားတာဟာ စစ်အာဏာရှင်တွေနဲ့ လုပ်ရိုးလုပ်စဉ်တခု ဖြစ်သလို Right to Information ကိုလည်း သူတို့က ချိုးဖောက်နေတာဖြစ်တယ်။”

လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေဟာ လွတ်လပ်စွာထုတ်ဖော်ရေး သားခြင်းနဲ့ပြည် သူလူထုအတွက် သတင်းအမှတ်တွေကို သိရှိခွင့်ရအောင် ဆောင်ရွက်နေသူတွေဖြစ် တာကြောင့် မည်သည့် အကြမ်းဖက်မှုတွေကိုမှ ကျူးလွန်မယ့်သူတွေမဟုတ်ဘူးလို့လည်း အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ထပ်မံဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီ IPCMက ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းသမားတွေကိုကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

“ ကျွန်တော်တို့ကတော့ အဓိက Safety နဲ့ Protection ကို ဦးစားပေးလုပ်တယ်၊ နောက်တခုက တော့ ကိုယ့်ဘာသာကိုယ် ပရိုဖက်ရှင်နယ်ဖြစ်အောင် Code of Conduct ထုတ်တယ်၊ ကျွန်တော် တို့ Regional နဲ့ နိုင်ငံတကာမှာ ငါတို့သည် လွတ်လပ်သော မီဒီယာတွေကို ကိုယ်စားပြုတယ်၊ သတင်းမီဒီယာကောင်စီ တခုအနေနဲ့ ရပ်တည်နေတာပေါ့နော်။ အခုလိုကိစ္စ အထူးသဖြင့် Press freedom ကိစ္စ၊ သတင်းလွတ်လပ်ခွင့်ကိစ္စတို့ သတင်းသမားတွေကို အတတ်နိုင် ဆုံး ကာကွယ်ပေးဖို့ ကိစ္စတို့ လုံခြုံရေးကိစ္စတွေကို ကျွန်တော်တို့က ဆက်ဆောင်ရွက်သွားမှာပါ။”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၁ရက်နေ့က ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမားစုစုပေါင်း ၂ဝဝကျော် အထိရှိပြီးအဲဒီထဲမှာ တချို့ပြန်လွတ်လာပြီး လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရသူ ၅ဝဦးအထိရှိနေသေးတယ်လို့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီ ယာကောင်စီ IPCMရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သတင်းသမားတွေအပါအဝင် အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မတရားဖမ်းဆီးထောင်ချတာတွေကို ကျူးလွန်နေတာဟာ လူ့အခွင်အရေးကို ချိုးနေတာဖြစ်တယ်လို့လည်း IPCM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

Forum

XS
SM
MD
LG