သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီက DMG သတင်းထောက်နဲ့ ဝန်ထမ်းတဦးကို ပြစ်ဒဏ်ချတဲ့အပေါ် RSF ရှုတ်ချ

ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်
ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group DMG ရဲ့ သတင်းထောက် ကိုထက်အောင်

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက အပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ ရှုတ်ချကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ရခိုင်ဒေသတွင်း သတင်းမီဒီယာ တခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group (DMG) ရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ဝန်ထမ်း ကိုစိုးဝင်းအောင်ဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်တယ်လို့ မဟုတ်မှန် စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ပေးချမှတ်ခံထားရကြောင်း RSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သတင်းသမားတွေကို နှုတ်ပိတ်အောင် လုပ်တဲ့ ဒီလို မတရားလုပ်ရပ်တွေကို ရှုတ်ချကြောင်း RSF က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း သတင်းမီဒီယာအပေါ် နှိပ်ကွပ်မှုတွေ ရပ်အောင် နိုင်ငံတကာက ပိုဖိအားပေးရမယ်လို့လည်း တိုက်တွန်းထားပါတယ်။

အကြမ်းဖက်လုပ်ရပ်ကို ငွေကြေးထောက်ပံ့မှုနဲ့ သတင်းထောက် ကိုထက်အောင်ကို ဇွန်လ ၂၈ ရက်နေ့တုန်းက စစ်တွေတရားရုံးမှာ ၅၂(က) အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်လိုက်ကြောင်းလညး ဖော်ပြထားပါတယ်။ သက်သေအထောက်အထား မရှိ၊ မျှတတဲ့ ကြားနာမှုလည်း မရှိတဲ့အပြင် ကိုထက်အောင်ရဲ့ မိသားစုလည်း တရားရုံးတက်ခွင့် မရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ကိုထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ ၂ ယောက်လုံးကို ၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ကိုထက်အောင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက စစ်တွေမြို့မှာ စစ်သားတွေ ဆွမ်းလောင်းနေတာကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့စဉ် ဖမ်းဆီးခဲ့တာဖြစ်ပြီး DMG ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကင်မရာ၊ ကွန်ပြူတာ၊ စာရွက်စာတမ်း၊ ငွေကြေး မှတ်တမ်းတွေနဲ့ ငွေသားတွေကိုလည်း သိမ်းဆည်းသွားသလို အဆောက်အအုံကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။ အဲဒီနောက် ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့တာပါ။ DMG သတင်းဌာနဟာ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း အပါအဝင် ဒေသတွင်း သတင်းတွေကို အဓိက တင်ဆက်နေတဲ့ လွတ်လပ်တဲ့ မီဒီယာတခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
This item is part of

Forum

​
XS
SM
MD
LG