သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DMG သတင်းထောက် ကိုထက်အောင်လွှတ်ပေးဖို့ CPJ တောင်းဆို


Development Media Group (DMG) သတင်းထောက် ကိုထက်အောင်
Development Media Group (DMG) သတင်းထောက် ကိုထက်အောင်

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ မြန်မာသတင်းထောက် ကိုထက်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ဇူလိုင်လ ၂ ရက်နေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။

ရခိုင်ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ စစ်တွေအခြေစိုက် ဖွံ့ဖြိုးတိုးတက်ရေးသတင်းဌာန Development Media Group ရဲ့ သတင်းထောက်တဦးဖြစ်တဲ့ ကိုထက်အောင်ကို “ရခိုင်ပြည်နယ်မှာ မွတ်ဆလင် လူမျိုးသုဥ်းသတ်ဖြတ်မှု ခြောက်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရားမျှတမှု တောင်းဆို” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုအတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အကြောင်း ပြန်လည်ဖော်ပြတဲ့ ဆောင်းပါးကို ထုတ်ဝေပြီးတဲ့နောက်မှာ အခုလို ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။

မူလက အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲခဲ့တာဖြစ်ပြီး မနှစ် ဒီဇင်ဘာတုန်းကတော့ သူ့ကို ၅၂(က) အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ပြောင်းလဲ စွဲဆိုခဲ့တယ်လို့ CPJ က ပြောပါတယ်။ DMG ရုံးက ဝန်ထမ်းတဦးဖြစ်တဲ့ ကိုစိုးဝင်းအောင်ကိုလည်း ကိုထက်အောင်နဲ့နည်းတူ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။ မြန်မာ အာဏာသိမ်းစစ်တပ်အနေနဲ့ "စာနယ်ဇင်းသမားတွေကို တရားဥပဒေအရ လက်တုံ့ပြန်တာ၊ ဒါမှမဟုတ် ထောင်ချတာတွေမလုပ်ဘဲ ကြောက်ရွံ့ခြင်းကင်းကင်းနဲ့ သူတို့ရဲ့ သတင်း မီဒီယာအလုပ်တွေကို လုပ်ဆောင်ခွင့်ပြု" ဖို့လည်း CPJ က တောင်းဆိုထားပါတယ်။

သတင်းထောက် ကိုထက်အောင်ကို လိမ်လည်ထားတဲ့ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ထားတာဟာ လွတ်လပ်တဲ့ စာနယ်ဇင်းတွေကို ဖိနှိပ်နေတဲ့ လုပ်ရပ် ဖြစ်ပြီး ဒီ ပြစ်ဒဏ်ကို ချက်ချင်း ရုပ်သိမ်းသင့်တယ်လို့ CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ “သတင်းထောက်တွေကို သတင်းပို့ရုံသက်သက်နဲ့ နှောင့်ယှက် ဖမ်းဆီး ထောင်ချနေတာကို မြန်မာစစ်ကောင်စီက ရပ်တန့်ရမယ်” လို့ သတိပေးပါတယ်။

သတင်းထောက်ကိုထက်အောင်ဟာ မနှစ်က ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့ အမှတ် ၁ ရဲစခန်း မှာ ကနဦး ဖမ်းဆီးခံနေရချိန်မှာလည်း သူ့ကို မိသားစုနဲ့ တွေ့ဆုံခဲ့မပေးခဲ့ဘူးလို့ CPJ က ထောက်ပြပါတယ်။ ကိုထက်အောင်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက စစ်တွေမြို့မှာ စစ်သားတွေ ဆွမ်းလောင်းနေတာကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့စဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး DMG ရုံးခန်းကိုလည်း ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကင်မရာ၊ ကွန်ပြူတာ၊ စာရွက်စာတမ်း၊ ငွေကြေးမှတ်တမ်းတွေနဲ့ ငွေသားတွေကိုလည်း သိမ်းဆည်းသွားသလို အဆောက်အအုံကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦး ကတော့ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ စစ်တပ်က စွပ်စွဲထားလို့ ၂၀၁၉ ခုနှစ်ကတည်းက တိမ်းရှောင်နေခဲ့ရပါတယ်။

DMG သတင်းဌာနဟာ ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း အပါအဝင် ဒေသတွင်း သတင်းတွေကို အဓိက တင်ဆက်နေတဲ့ လွတ်လပ်တဲ့ မီဒီယာတခုဖြစ်ပါတယ်။

CPJ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ရခိုင်ပြည်နယ်က စစ်စခန်းတခုမှာ အလောင်းအဖြစ် ပြန်တွေ့ခဲ့ရတဲ့ ကိုမြတ်သူထွန်း (ခေါ) ကိုဖိုးသီဟ သတ်ဖြတ်မှုအတွက်လည်း တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက် က ကောက်ယူခဲ့တဲ့ မှတ်တမ်းတွေ အရ မြန်မာနိုင်ငံမှာ သတင်းသမား ၄၃ ဦးထက်မနည်း အကျဉ်းကျနေပြီး ကမ္ဘာ့ဒုတိယ အဆိုးရွားဆုံး သတင်းသမားတွေ အဖမ်းခံနေရတဲ့ နိုင်ငံဖြစ်ပါတယ်။

DMG သတင်းထောက် ကိုထက်အောင်လွှတ်ပေးဖို့ CPJ တောင်းဆို
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG