၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိစာရင်းအရ သတင်းသမား ၄၃ ယောက် အကျဉ်းချခံနေရဆဲဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကကြေညာချက် ထုတ်ပြန်ပါတယ်။
နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးမှာ သတင်းသမား အနည်းဆုံး ၃၀ ကျော်၊ အများဆုံး ၆၀ ဝန်းကျင်အထိ ထိန်းသိမ်းခံခဲ့ရတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ အကျဉ်းချခံရတဲ့ သတင်းသမားတွေထဲမှာ ထောင်ဒဏ်တသက်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ သတင်းမီဒီယာသမား ၁၁ ဦးပါဝင်တယ်လို့ ကြေညာချက်မှာ ဖေါပြပါတယ်။ အဲဒီ ၁၁ ယောက်ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တသက်နဲ့ အနိမ့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁၀ နှစ် ကျခံထားရသူတွေ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ သတင်းမီဒီယာသမားစုစုပေါင်း ၇ ယောက်ရှိကြောင်း လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ IPCM က ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
သတင်းသမားတွေအပေါ် အများဆုံးအသုံးပြုခဲ့တဲ့ ဥပဒေပုဒ်မတွေဟာ ၅၀၅-က၊ ၅၀၅- ခ နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေ ဖြစ်တဲ့အကြောင်းနဲ့ သတင်းမီဒီယာ ၁၅ ခုရဲ့လိုင်စင်တွေကို စစ်ကောင်စီက ရုပ်သိမ်းခဲ့တဲ့အကြောင်း၊ ၄ နှစ်အတွင်း မီဒီတွေအပေါ် အပြင်းအထန်ဖိနှိပ်ခဲ့သလို သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိပါးခဲ့ကြောင်း IPCM က ကြေညာချက်ထုတ်ပြန်ပါတယ်။
Your browser doesn’t support HTML5
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ - IPCM