NLD အစိုးရသစ်လက်ထက်မှာ ကျင်းပတဲ့ နှစ်ပေါင်း ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ သမိုင်းဝင် အတွင်းဝန်များရုံးထဲက အစည်းအဝေးခန်းမကို အများပြည်သူလေ့လာနိုင်အောင် ပထမဆုံး အကြိမ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့တွင်သာမက တခြားနယ်မြို့တွေမှာလည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်လည်းဖြစ် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာ နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်တဲ့ ဒီနှစ်မှာ အာဇာနည်နေ့ အခမ်းအနားတွေကို အရင်နှစ်တွေကနဲ့ မတူပဲ ကျင်းပခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အမှတ်တရ ပစ္စည်းတွေနဲ့ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းမကို ပထမဆုံး အကြိမ် ဖွင့်လှစ် ပြသထားပါတယ်။ သမိုင်းဝင် အတွင်းဝန်များရုံးအတွင်း အများပြည်သူလေ့လာနိုင်တဲ့အကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါ်သန်းမြင့်အောင်က အခုလို ပြောပါတယ်။
“အခုပထမဆုံးဝင်မှာက လွှတ်တော် အဆောက်အုံနေရာပေ့ါ။ ပြီးလို့ရှိရင် အပေါ်ကို တတ်သွားတဲ့အခါ ဗိုလ်ချူပ်တို့ ကျဆုံးခဲ့တဲ့ အထိမ်းအမှတ် cabinet အစည်းအဝေး အခန်းရှိမယ်။ အဲဒီမှာ ကျဉ်သင့်ထားတဲ့ ကုလားထိုင်လေးတွေလည်း တွေ့ရမှာလည်း ဖြစ်မယ်။ နောက်တစ်ခါ ၁ မိနစ်ခွဲစာ ဗွီဒီယိုလေးလည်း ပြမယ်။”
အတွင်းဝန်များရုံးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစပြီး အာဇာနည်နေ့ရောက်တိုင်း ပြည်သူအများ ဝင်ရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ ဒီနှစ် နှစ် ၇၀ ပြည့်နှစ်မှာတော့ လက်ရှိအစိုးရက အာဇာနည်နေ့အပါအဝင် ၃ ရက်တာ လေ့လာနိုင်အောင် ဖွင့်လှစ်သွားမှာပါ။ ဒါ့အပြင် အဆောက်အအုံတွင်း သမိုင်းဝင်ဖြစ်ရပ်တွေကိုပါ ပထမဆုံးအကြိမ် ခင်းကျင်းပြသထားတာကြောင့် လာရောက်ကြည့်ရူ့သူတွေ များလှပြီး အဲဒီ့ထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစု ဝင်တွေလည်း ပါဝင်ပါတယ်။
“ပါပါ့ရဲ့ ပစ္စည်းတွေကို ကြည့်တဲ့အခါမှာ ဝမ်းလည်း ဝမ်းနည်းတယ် ဝမ်းလည်း ဝမ်းသာတယ်ပေ့ါနော်။ ပါပါ့ရဲ့ ပစ္စည်းပစ္စရာတွေ လုပ်ဆောင်ချက်တွေ ကြည့်ရတဲ့အခါ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပါတယ်။”
ဒါကတော့ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့ သမီးအငယ်ဆုံး နမ့်ခင်ဌေးရီခိုင်ပြောပြသွားတာပါ။
ဒါ့အပြင် အတွင်းဝန်များရုံးကို ပထမဆုံးအကြိမ် လာရောက်လေ့လာဖြစ်တဲ့ လူငယ်တစ်ဦး မစောဆုပြည့်ကိုကလည်း အာဇာနည်နေ့ နဲ့ ပတ်သက်လို့ သူ့ရဲ့ အတွေ့အကြုံကို အခုလို ရှင်းပြပါတယ်။
“တကယ်ကိုလေ သမိုင်းဝင်တဲ့ သမိုင်းပစ္စည်းတွေဆိုတော့ အပြင်မှာလည်း ဘယ်မှာမှ မမြင်ဖူးဘူး။ ဒီမှာပဲ ပထမဆုံး မြင်ဖူးတဲ့အတွက် စိတ်ထဲမှာ တကယ့်ကို လှိုက်ပြီး ဝမ်းနည်းမိတယ်။ ခုနလေးက ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပြီး နောက်ကားတွေလည်း ဟွန်းတီးတဲ့အခါမှာလည်း စိတ်ထဲမှာ တကယ်ကို ဝမ်းနည်းမိတယ်။ မျက်ရည်တွေတောင် ကျမိတယ်။”
နှစ် ၇၀ ပြည့်နှစ် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ဗိမာန်မှာ နိုင်ငံတော် အဆင့်နဲ့ ကျင်းပတာဖြစ်ပြီးဒုတိယ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွတ်တော် ဥက္ကဌတွေနဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ တတ်ရောက်ခဲ့ကြပါတယ်။ အရင်နှစ်တွေကလိုပဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ခောင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း လာရောက်ဂါရ၀ ပြုခဲ့ကြပါတယ်။ လက်ရှိအစိုးရသစ်လက်ထက်မှာ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကြိုးစားခဲ့တဲ့အတိုင်း အမျိုးသား ညီညွှတ်ရေး ရရှိဖို့ မျှော်လင့်မိတယ်လို့ နမ့်ခင်ဌေးရီခိုင်က ပြောပါတယ်။
“ပါပါ့ ရှိစဉ်ကာလတုန်းကတော့ ကရင် ဗမာချစ်ကြည်ရေးကို ပါပါ့ အရမ်းအလေးထားတယ်လေ။ အဲဒါကြောင့်မလို့ နောက်ဆက်ပြီး လုပ်ဆောင်တဲ့အခါမှာ ဗိုလ်ချုပ်တို့ ပါပါတို့ မျှော်မှန်းတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အဓွန့်ရှည်ပြီးတော့ တိုင်းပြည်မှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်ပါစေလို့တော့ ဆုတောင်းပါတယ်။”
အစိုးရအဆက်ဆက်လက်ထက် ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ် ကျင်းပလာတာ အခုဆိုရင် နှစ် ၇၀ ပြည့်ရှိလာခဲ့ပါပြီ။ နှစ်စဉ် ဒီနေ့ နီးလာတိုင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေထဲက အုပ်ချုပ်သူတို့ စိတ်ကြိုက် မိန့်ခွန်းတစ်ချို့ကို ကောက်နုတ်ဖော်ပြလေ့ရှိပါတယ်။ အခု ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာလည်း အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော် အဆင့် ကျင်းပပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတော်တော်များများမှာ အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ဒါပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ရေး မျှော်မှန်းချက်တွေ ပြည့်ဝပြီလားဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အစိုးရ အဆက်ဆက် ဘယ်လိုပဲ မူပြောင်းပြောင်း လူထုကတော့ အာဇာနည်နေ့ရောက်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပလေ့ ရှိကြပါတယ်။
Your browser doesn’t support HTML5