ဝါရင့်သတင်းသမားကို ပြန်ကြားရေး ဒုဝန်ကြီးခန့်တာ မီဒီယာအပေါ် သက်ရောက်မှု ရှိနိုင်မလား

ဝါရင့်သတင်းစာဆရာ ဦးအောင်လှထွန်း (Aung Hla Tun facebook )

မြန်မာအစိုးရရဲ့ သတင်းထုတ်ပြန်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အားမလိုအားမရဖြစ်မှုတွေ အထူးသဖြင့် ရခိုင်ပဋိပက္ခအရေးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာ အားနည်းချက်တွေရှိနေကြောင်း ဝေဖန်မှုတွေရှိနေချိန်မှာပဲဝါရင့်သတင်းထောက်တဦးဖြစ်တဲ့ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် သမ္မတ က ခန့်အပ်လိုက်ပါတယ်။ ဝါရင့်သတင်းထောက်လည်းဖြစ် ရခိုင်ပဋိပက္ခအရေးနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိနားလည်းထားတဲ့ ဦးအောင်လှထွန်းကို အခုလို ပြန်ကြားရေး ဒုဝန်ကြီး အဖြစ်ခန့်အပ်တဲ့အပေါ် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာ့သတင်းမီဒီယာ လောကအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်သလဲ ဆိုတဲ့ အမြင်သုံးသပ်ချက်တွေကို ရှားဖောင်က စုစည်း တင်ပြပေးထားပါတယ်။

ဝါရင့်သတင်းစာဆရာ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း မြန်မာ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ အမိန့်နဲ့ ဇန်ဝါရီလ ၁၅ ရက်နေ့မှာ သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဦးအောင်လှထွန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ရိုက်တာ သတင်းဌာနရဲ့ သတင်းထောက်အဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို မြန်မာသတင်းမီဒီယာ ကောင်စီရဲ့ ဒုတိယ ဥက္ကဌအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။ ဒီ့မတိုင်ခင်မှာတော့ သူဟာ အစိုးရပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်မှာ အယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသလို အဲဒီအချိန်တုန်းက ကွန်ပြူတာ ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း နယ်သာလန် နိုင်ငံကို ပညာတော်သင်အဖြစ် သွားရောက်ခဲ့သူတဦးဖြစ်ပါတယ်။ သူဟာ နိုင်ငံခြား သတင်းထောက် များ အသင်းရဲ့ ဥက္ကဌ ဟောင်းလည်းဖြစ်ပါတယ်။

အခုလို သတင်းစာပညာ ဆိုင်ရာ အတွေ့အကြုံ အများကြီး ရှိသူ၊ ဝါရင့် သတင်းထောက်တဦးကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးတာဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာ့သတင်းမီဒီယာလောကနဲ့ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ကြောင်း ယခင်သင့်ဘဝအယ်ဒီတာဟောင်း စာရေးဆရာ ဒေါက်တာ တင်မောင်သန်းကပြောပါတယ်။

“ဆရာဦးအောင်လှထွန်းက တည်ဆဲမှုဝါဒတွေကိုလေ့လာသုံးသပ်တယ်။ နောက်ပြီး သူလုပ်ချင်တဲ့ မူဝါဒတွေကို ထပ်ပြီးတော့ ဖြည့်မယ် ဆရာဖေမြင့် ဝန်ကြီးနဲ့ အစိုးရအဖွဲ့နဲ့ ထပ်ညှိနှိုင်းမယ်ဆိုရင်တော့ အများကြီးလုပ်နိုင်မယ့် ကိစ္စလို့ ကျနော်ထင်တယ်။ ပထမဦးဆုံးအနေနဲ့ကတော့ လက်ရှိရှိနေတဲ့ အရင်တုန်းကလည်း ပြုပြင်ပြောင်းလဲရေးမှာ လုပ်ခဲ့တဲ့ မူဝါဒ တချို့ရှိတယ်လို့ ကျနော်သိရတယ်လေ။ ဥပမာအားဖြင့် နိုင်ငံတော်ပိုင် မီဒီယာတွေပေါ့နော် မီဒီယာလို့ပြောတဲ့အခါမှာ ရုပ်မြင်သံကြားတွေ ပုံနှိပ်မီဒီယာလည်း အပါအဝင်ပေါ့ ဒါတွေအားလုံးကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတခုဖြစ်အောင် ပြောင်းလဲဖို့ပေါ့နော်။ ဒါက ဆရာဦးအောင်လှထွန်းရဲ့ အတွေ့အကြုံ ခုနကပြောတဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် အများကြီး ဆက်စပ်အသုံးချလို့ရတာဖြစ်တယ်။ အဲဒါကို မူဝါဒ တခုအနေနဲ့ ပြန်လည်ပြီးတော့ ဖော်ဆောင်မလားပေ့ါ ဒါကို ကျနော်တို့ စောင့်ကြည့်ရမယ်ထင်တယ်။ ဒါကတော့ အဓိက အကျဆုံးအချက်ဖြစ်မယ်။”

ဒါ့အပြင် ဝါရင့် သတင်းစာဆရာ ဦးအောင်လှထွန်းအနေနဲ့ သူ့ရဲ့ အတွေ့အကြုံတွေအပေါ်အခြေခံပြီး တိုင်းရင်းသား သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရမှာလည်း အပြောင်းအလဲတွေလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ တင်မောင်သန်းက ပြောပါတယ်။

“တိုင်းရင်းသား သတင်းမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ဖို့ပေါ့နော် ဆရာဦးအောင်လှထွန်းရဲ့ ပုဂ္ဂိုလ်ရေး ရာဇဝင်အရပြောရရင် ရခိုင်အမျိုးသားဖြစ်တယ်။ ရခိုင်အရေးကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ လူတဦး ဒါအနေနဲ့ဆိုရင် ဒါကလည်း ဒုတိယလုပ်နိုင်တဲ့ အပြောင်းအလဲကြီးတခုလို့ ကျနော်ထင်တယ်။ ဒါပေမယ့် အဲဒီအပြောင်းအလဲကြီးကို လုပ်ဖို့ဆိုရင် လက်ရှိအစိုးရရဲ့ မူဝါဒအဖြစ်နဲ့ ပြန်လည်ခိုင်မာအောင်လုပ်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ ပြီးရင် အကောင်အထည်ဖော်ဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ အဲဒီတာဝန်တွေကို လုပ်နိုင်ရင်တော့ အများကြီးအပြောင်းအလဲ တွေ့ရမယ်လို့တော့ ထင်တယ်။ အဲဒီတော့ အဲဒီကိစ္စကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ သတင်းစာဆရာတွေ ပြေပြေလည်လည်နဲ့ လုပ်နိုင်မယ်ဆိုရင် နိုင်ငံတကာအကူအညီတွေလည်း အများကြီးရနိုင်မယ်။ အထူးသဖြင့် ဆရာဦးအောင်လှထွန်းရဲ့ အတွေ့အကြုံတွေကိုလည်း အများကြီးအသုံးချလို့ ရနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ ကျနေ်ာကတော့ အဲဒီမူဝါဒလေး ၂ ခုကို စူးစူးစိုက်စိုက်နဲ့ကို ဖော်မယ်ဆိုရင် မြန်မာပြည်အတွက် ကြီးမားတဲ့အပြောင်းအလဲလို့ ကျနော်ထင်တယ်။”

ဦးအောင်လှထွန်းကို အခုလို ပြန်ကြားရေး ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်တဲ့အချိန်ဟာ လက်ရှိ ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ဦး အစိုးရ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး၊ အမှုရင်ဆိုင်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။

လက်ရှိ အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ရိုက်တာ သတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးဟာ ရခိုင်ပဋိပက္ခကိစ္စနဲ့ပတ်သက်ပြီး သတင်းချက်အလက်ရ ယူရင်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှု နဲ့ ဖမ်းဆီးတရားစွဲခံထားရတာပါ။ ဒါကြောင့် အခုအပြောင်းအလဲဟာ ရခိုင်ပဋိပက္ခအရေးနဲ့ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲဆိုတာကို ဒေါက်တာ တင်မောင်သန်းက အခုလို ပြောပါတယ်။

“ပုဂ္ဂိုလ်ရေးအရကတော့ သူက မေတ္တာရပ်ခံလို့ရတယ်။ ဒါပေမယ့် ကျနော်တို့ Institution အရပြောရမယ်ဆိုရင် ၁၉၂၃ အင်္ဂလိပ်ခေတ်ကလည်းကထားခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ကိုပြင်ဆင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ အဲဒါက အဓိကအဟန့်အတားဖြစ်တယ်။ ဆိုတော့ ပြန်ကြားရေးက ပြည်သူလူထုရဲ့က သတင်းရယူခွင့်ကိုပါ စူးစူးစိုက်စိုက် ဦးဦးဆောင်ဆောင်လေးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒါကလည်း ဆရာဦးအောင်လှထွန်းရဲ့ အတွေ့အကြုံမျိုး အများကြီး သုံးသွားလို့ ရတာမျိုး ဖြစ်တယ်။ ဆရာဦးအောင်လှထွန်းကိုယ်တိုင်လည်း ဦးဆောင်နိုင်တဲ့ဟာမျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ ရိုက်တာ သတင်းထောက်၂ ယောက်ကိစ္စသည် ပိုမိုနက်ရှိုင်းတဲ့ ပြဿနာတွေမှာ ကိုင်တွယ်နိုင်ခြင်းအပေါ် အများကြီး မူတည်နေပါတယ်။”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ရဲတပ်ဖွဲ့တွေနဲ့ ချိန်းဆိုထားပြီး အသွားမှာပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ ရန်ကုန်မြို့ ထောက်ကြန့် နယ်မြေရဲစခန်းမှာ သူတို့ကို ဖမ်းဆီးခဲ့ပြီး၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ပုဒ်မ ၅ ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဝါရင့်သတင်းသမားကို ပြန်ကြားရေး ဒုဝန်ကြီးခန့်တာ မီဒီယာအပေါ် သက်ရောက်မှု ရှိနိုင်မလား