မြန်မာရွှေ့ပြောင်းလုပ်သား ၉ ထောင်နီးပါး ထိုင်းကနေထွက်ခွါ

ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီမှာ ထိုင်းကနေ ထွက်ခွါနေကြသည့် မြန်မာအလုပ်သမားများ

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေသစ် မကြာခင် ပြဌာန်းဖို့ ရှိနေ တာကြောင့် လိုအပ်တဲ့ စာရွက် စာတမ်း အထောက်အထားတွေယူဖို့ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်အသီးသီးကို ပြန်နေကြပါတယ်။ သူတို့အနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာပြီး တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် အခုလို နေရပ်ပြန်နေကြ တာလို့ ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဥပဒေအရ တရားဝင် အထောက်အထား မရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတယောက်ကို ဥပဒေ ချိုးဖောက်ပြီး အလုပ်ခန့်ထားတဲ့ အလုပ်ရှင်အနေနဲ့ ဒဏ်ငွေ ထိုင်းဘတ်ငွေ လေးသိန်းကနေ ရှစ်သိန်း ဒဏ်ငွေ ပေးဆောင် ရမှာဖြစ်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမားအပါအဝင် သက်ဆိုင်သူအားလုံး အသစ် ထုတ်ပြန်တဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ ၂၃ ရက်ကစလို့ ဥပဒေသစ်ကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ပေးထားမှာဖြစ်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ Tak ခရိုင်၊ မဲဆောက်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်ကို ပြန်လာကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမား တသောင်းလောက်အတွက် လိုအပ်တာတွေ ဆောင်ရွက်ပေးနိုင်ဖို့ မြန်မာအစိုးရက ယာယီ အကူအညီပေးရေး ဌာန ဖွင့်ထားတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြန်လာကြတဲ့ အလုပ်သမား ကိုးထောင်နီးပါးရှိပြီး ပြန်လာကြတဲ့ အလုပ်သမားတွေကို ကြိုဆိုကြောင်းနဲ့ သူတို့ကို ဥပဒေကြောင်းအရ အရေးယူတာမျိုး လုပ်မှာမဟုတ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောတယ်လို့ ထိုင်းနိုင်ငံထုတ် The Nation သတင်းမှာ ဖော်ပြထားပါတယ်။

ပြည်တော်ပြန်နေကြတဲ့ မြန်မာအလုပ်သမားတွေထံက ထိုင်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ငွေညစ် တောင်းခံတာမျိုး တွေ့ရရင် အပြစ်ပေး အရေးယူခံရမှာ ဖြစ်ကြောင်း မဲဆောက်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ Passakorn Kwanwan က ပြောပါတယ်။

ဒီတောအတွင်း ပြည်တော်ပြန်နေကြတဲ့ မြန်မာအလုပ်သမားတွေထံက ငွေညစ်နေတဲ့ ဗွီဒီယို မှတ်တမ်းတွေ ထွက်လာပြီးတဲ့နောက် Tak ခရိုင် ရဲအရာရှိ ၃ ဦးကို ရာထူးက ဖယ်ရှားပြီး မဲဆောက် ရဲစခန်းမှာ အစောင့်အဖြစ် ရွေ့ပြောင်း တာဝန်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာအလုပ်သမားတွေနည်းတူ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေဟာလည်း သူတို့တိုင်းပြည်ကို ပြန်နေကြတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

မြန်မာရွှေ့ပြောင်းလုပ်သား ၉ ထောင်နီးပါး ထိုင်းကနေထွက်ခွါ