ထိုင်းနိုင်ငံ ချွန်ဘူရီနဲ့ စမွတ်စခွန်ခရိုင်ထဲ တရက်တည်း တရားမဝင်မြန်မာ ၃၀၀ အဖမ်းခံရ

ထိုင်းနိုင်ငံတွင်း အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ− ယခင်သတင်းမှတ်တမ်း.

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နဲ့ စမွတ်စခွန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့သီတင်းပတ်က တရက်တည်း တရားမဝင်မြန်မာ ၃၀၀လောက် အဖမ်းခံရတယ်လို့ ထိုင်းလုံခြုံရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၃ရက်နေ့ ရက်နေ့က ဒေသခံတွေရဲ့ တိုင်ကြားချက်အရ ရှောင်တခင်စစ်ဆေးရာမှာ အခုလိုဖမ်းမိတယ်လို့လည်း ဆိုပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်နဲ့ စမွတ်စခွန်ခရိုင်ထဲမှာ ဒီဇင်ဘာလ ၁၃ရက်နေ့ တရက်တည်း တရားမဝင်မြန်မာ ၃၀၀လောက် အဖမ်းခံရကြောင်း မြန်မာတွေ အများစုနေတဲ့ တိုက်တန်းလျားတွေကို ရှောင်တခင်စစ်ဆေးမူ့လုပ်ခဲ့ရာမှာ မြန်မာတွေ အဖမ်းခံရတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

"ချွန်ဘူရီခရိုင်နဲ့ စမွတ်စခွန်ခရိုင် ၂ခုထဲမှာ တရားမဝင် မြန်မာ ၃၀၀လောက် အဖမ်းခံရတယ်။ ဒီဇင်ဘာလ၁၃ရက်နေ့ တနေ့တည်းပါပဲ။ ချွန်ဘူရီခရိုင်ထဲမှာတော့ ပတ္တရားမြို့နယ်ထဲက အခန်းပေါင်း၁၀၀ကျော်ရှိတဲ့ အထပ်မြင့်အဆောက်အဦးတခုကို သက်ဆိုင်ရာက ပိတ်ဆို့ဖမ်းဆီးတဲ့အခါမှာတော့ တရားမဝင်မြန်မာ ၁၂၀လောက်အဖမ်းခံရပါတယ်။ တဆက်တည်းမှာပဲ ချွန်ဘူရီခရိုင်ထဲမှာပဲ ချွန်ဘူရီမြို့နယ်ထဲက မြန်မာတွေနေတဲ့ တိုက်ခန်းတွေကို ဖမ်းဆီးရာမှာ မြန်မာ ၅၀လောက် အဖမ်းခံရတယ်။ တဆက်တည်းမှာပဲ ဒီဇင်ဘာလ၁၃ရက်နေ့ကပဲ စမွတ်စခွန်ခရိုင်ထဲက နံမည်ကြီး ပါဆယ်လုပ်ငန်းလုပ်နေတဲ့ ကုန်လှောင်ရုံးတခုကို ပူပေါင်းအဖွဲ့တွေ့ ရှောင်တခင် စစ်ဆေးဖမ်းဆီးတဲ့အခါမှာ တရားမဝင်မြန်မာ ၁၂၈ယောက်ဖမ်းမိတယ်။ အဲဒါကြောင့် ၁၃ရက်နေ့ တနေ့တည်းမှာပဲ ချွန်ဘူရီနဲ့ ဆာမွတ်ခရိုင်မှာ အထောက်အထားမဲ့နဲ့ အထောက်အထားမစုံသူ မြန်မာ ၃၀၀လောက် အဖမ်းခံရတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။"

အခုဆိုရင် ဒီဇင်ဘာလတလထဲမှာပဲ အလုပ်လုပ်ခွင့်လက်မှတ် လုပ်ပေးတဲ့ကာလ ဖြစ်တာကြောင့် အထောက်အထားမဲ့တွေကို ဒီလထဲမှာ မဖမ်းဆီးဘူးလို့ ထိုင်းဘက်က ဒီဇင်ဘာလဆန်းက သတင်းထုတ်တာ ရှိပေမဲ့လူကုန်ကူးမှုတွေ ရှိရင်ပဲဖြစ်ဖြစ် ဆူညံကြောင်း အနှောင့်အယှက်ဖြစ်ကြောင်း ဒေသခံတွေက တိုင်ကြားရင်တော့ ဖမ်းဆီးအရေးယူတာတွေလုပ်လေ့ရှိတယ်လို့လည်း ပြောပါတယ်။

"အထောက်အထားမဲ့လက်မှတ်မရှိသူတွေကို မဖမ်းဆီးရလို့ သတင်းထုတ်ထားပေမယ့် ဆူညံမူ့တွေ ခိုက်ရန်ဖြစ်ပွားတာကြောင့်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ရင်တော့ ဖမ်းဆီးတယ်။ အခုကတော့ ဒေသခံတွေရဲ့တိုင်ကြားချက်အရ ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့နဲ့ ဌာနဆိုင်ရာတွေပေါင်းပြီးဖမ်းတာပါ။"

ထိုင်းနိုင်ငံထဲမှ တရားဝင်အလုပ်သမား ၂သန်းကျော်ရှိပြီး ဒီ ၂သန်းကျော်ကလည်း ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ တရားမဝင် အထောက်အထားမဲ့တွေကလည်း သန်းနဲ့ချီရှိနေပြီ။ နေ့စဉ်လည်း နယ်စပ်လမ်းတွေကနေ ခိုးဝင်လာနေတာတွေကြောင့် လစဉ်ရာနဲ့ချီပြီး အဖမ်းခံနေရပါတယ်။ ထိုင်းအစိုးရက အထောက်အထားမဲ့တွေအတွက် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ပေးမယ့်ရက် ဒီဇင်ဘာလ ၁၆ရက်နေ့မတိုင်ခင်မှာပဲ မြန်မာတွေဟာ အစုလိုက်အပြုံလိုက် အဖမ်းဆီးခံနေရပါတယ်။