TNLA ထိန်းချုပ်နယ်မြေ နောင်ချိုနဲ့ နမ့်ဆန် စစ်ကောင်စီဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ နေအိမ်တချို့ကို လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုနဲ့ နမ့်ဆန်မြို့ ၂နေရာကို ဒီကနေ့ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ NDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ လောက်ကိုင်မြို့၊ တုံချိန်နဲ့ ကွမ်းလုံမြို့နယ် နမ့်ဟူးရွာမှာလည်း စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ရှမ်ပြည်းမြောက်ပိုင်းက တိုက်ပွဲနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုနဲ့ နမ့်ဆန်မြို့ ၂နေရာကို ဒီကနေ့ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေအတွင်း နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းက အများဆုံးတိုက်ခိုက်နေပြီး ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက် သေဆုံးတာတွေရှိနေပါတယ်။ ဒီကနေ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီက လေကြောင်းက ၂နေရာ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုအခြေအနေ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက VOA ကို ပြောပါတယ်။

“ နောင်ချိုမှာတော့ မနက်အစောပိုင်း ၁နာရီဝန်းကျင်လောက်မှာ လာရောက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ပန်းသပြေရပ်ကွက်မှာပေါ့နော်။ အဲဒီမှာ ဗုံးကတော့ ၆လုံးအထက် ရှိတယ်ပေါ့။ အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ထိခိုက်တယ်။ ပြည်သူ တဦးက ထိခိုက်ဒဏ်ရာရတယ်။ ဒီနမ့်ဆန်မှာကျတော့ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးရွာမှာကျတော့ ဒီမနက် ၁၀နာရီ ဝန်းကျင်မှာ လာရောက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တယ်။”

TNLA ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးရွာက ဘုန်းကြီးကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်က အောက်တိုဘာလ ၁၇ရက်၊ သီတင်းကျွတ်လပြည့်နေ့ ည ၁၀နာရီခန့်ကလည်း နောင်ချိုမြို့ပေါ်ကို တိုက်ခိုက်ခဲ့တာရှိသလို ၁၉ရက်နေ့မှာလည်း တနေ့တည်း ၂ကြိမ် တိုက်ခိုက်ခဲ့တာပါ။ ဒီရက်ပိုင်းနောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၃ဦးသေဆုံးပြီး ၃ယောက်ထိခိုက်ခဲ့ကြောင်းလည်း လွေးယေဦးက ဆက်ပြောပြပါတယ်။

“ လက်ရှိက အများဆုံး တိုက်ခိုက်တဲ့နေရာက နောင်ချိုဖြစ်တယ်ပေါ့လေ။ သီတင်းကျွတ်လပြည့်ညနောက်ပိုင်းမှာဆိုရင် မကြာခန လာရောက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးသေဆုံးပြီး၊ ၄ဦးအထက် ထိခိုက်ဒဏ်ရာရတာမျိုးတွေလည်း ရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းက တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ နေအိမ်တချို့ကို လေကြောင်းတိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)

အောက်တိုဘာလ ၁၉ရက်နေ့ တိုက်ခိုက်မှုမှာ မနက် ၅နာရီလောက်မှာ ၁ကြိမ်နဲ့ နေ့ခင်း ၂နာရီခန့်မှာတကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ ၁၉ရက်နေ့နဲ့ ၂၀ရက်နေ့တွေမှာလည်း MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ရာ လောက်ကိုင်မြို့၊ တုံချိန်နဲ့ ကွမ်းလုံမြို့နယ် နမ့်ဟူးရွာမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ MNDAA ကတော့ ကွမ်းလုံမြို့နယ် နမ့်ဟူးရွာ တိုက်ခိုက်မှုမှာ လူတဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးတွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၁၉ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာကို လေကြောင်းက တိုက်ခိုက်တာကြောင့် အနည်းဆုံး လူ ၃ဦးသေဆုံးခဲ့ကြောင်း The 74 media ခေါ် ကချင်သတင်းဌာနက ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုဟာ ချီဖွေမြို့နယ်က ဦးဇခုန်တိန့်ယိန်းရဲ့ ဌာနချုပ် ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်က တိုက်ပွဲနောက်ဆုံးအခြေအနေကို မေးမြန်းဖို့ KIA ပြန်ကြားရေးတာဝန်ခံကို VOA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒီရက်ပိုင်းတွေမှာတော့ ချီဖွေမြို့နယ် ပန်ဝါနဲ့ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လက်ရှိ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ ရပါဘူး။

Your browser doesn’t support HTML5

TNLA ထိန်းချုပ်နယ်မြေ နောင်ချိုနဲ့ နမ့်ဆန် စစ်ကောင်စီဗုံးကြဲ