အောက်တိုဘာလဆန်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်မည်

ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေစဉ် (ဖေဖော်ဝါရီ ၂၀၂၃)

မြန်မာစစ်ကောင်စီက လာမယ့်အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ကြား တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူသွားမှာဖြစ်ပြီး ရရှိတဲ့အချက်အလက်တွေကို ၂၀၂၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုသွားမယ်လို့မနေ့ စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။

၂၀၂၃ ခုနှစ် သန်းခေါင်းစာရင်း ဥပဒေဟာ ပြည်သူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို လုံခြုံမှုပေးထားတဲ့အတွက် ယုံယုံကြည်ကြည် ဖြေကြားဖို့လိုအပ်တယ်လို့လည်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နိုင်ငံအတွက် အရေးကြီးတဲ့ အချက်အလက်ဖြစ်သလို နောင်အနာဂတ်မျိုးဆက်သစ်တွေရဲ့ အကျိုးအတွက် စိုးရိမ်ကြောင့်ကြစိတ်ကင်းကင်းနဲ့ အမှန်အတိုင်းဖြေပေးကြဖို့ ကိုလည်း သူက ပြောထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး၊ ဟန်ချက်ညီတဲ့ ဖွင့်ဖြိုးမှု ပန်းတိုင်နဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာလည်း အထောက်အကူဖြစ်ဖို့ ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ စစ်ကောင်စီကလုပ်မယ့် ဘယ်လို ရွေးကောက်ပွဲမဆို လွတ်လပ်၊ မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မလာနိုင်သလို၊ ပြည်သူတွေ လက်ရှိကြုံတွေနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အပြင်၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေသာ ပိုများလာနိုင်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကုလသမဂ္ဂဌာနချုပ်မှာလုပ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် (UNDP) နဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးမှာ ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၆၇% လောက်နေထိုင်တဲ့၊ နယ်မြေ ၈၆% လောက်ကို စစ်ကောင်စီအနေနဲ့ အပြည့်အဝမထိန်းချုပ်နိုင်တော့တာကို ပြီးခဲ့ မေလတုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီက ရွေးကောက်ပွဲကို အကြောင်းပြပြီး အချက်အလက်တွေ စုဆောင်းနေတယ်လို့ပြောဆိုသလို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို လက်မခံ ရှုတ်ချသင့်တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အောက်တိုဘာလဆန်းမှာ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်မည်