သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းကောက်ခံရေးအပေါ် အမြင်တချို့ 


၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံသွားမယ့် ကြေညာချက်ဆိုင်းဘုတ်တွေကို ရန်ကုန်နဲ့မန္တလေးက လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီက ပြသထားပါတယ်။ နိုင်ငံတွင်းက ပဋိပက္ခအခြေအနေတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံနိုင်မလားဆိုတဲ့အပေါ် ထင်မြင်ချက်အမျိုးမျိုးလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကိုမခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လာမယ့် စက်တင်ဘာလ ၃၀ ရက် ညာဥ့်သန်းခေါင်ယံအချိန်ကနေ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကောက်ခံသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ဆိုတဲ့ ကြေညာချက်ဆိုင်းဘုတ်တွေကိုလည်း လူအသွားအလာများတဲ့ နေရာတွေမှာ ပြသထားတာပါ။

မန္တလေးမြို့မှာလည်း သန်းခေါင်စာရင်းဆိုင်းဘုတ်တွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကြောင့် အခုလို အခြေအနေမှာ စစ်ကောင်စီကောက်ခံမယ့် သန်းခေါင်စာရင်းဟာ တနိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံနိုင်ဖို့ကမဖြစ်နိုင်ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"သန်းခေါင်စာရင်းဆိုတာ တနိုင်ငံလုံးအတိုင်းအတာကို ဦးတည်ရတာလေ။ ရပ်ကွက်လေးတခု၊ မြို့နယ်လေးတခု၊ မြို့တခုက အဲဒီသန်းခေါင်စာရင်းကို အသုံးချပြီးတော့မှ ရွေးကောက်ပွဲဖြစ်ဖြစ် တခြားတခုခုပေါ့။ စားနပ်ရိက္ခာအတွက် ခန့်မှန်းတာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ခန့်မှန်းတာဖြစ်ဖြစ် သန်းခေါင်စာရင်းဆိုတာ နိုင်ငံဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်ရမယ့် အချက်အလက်တွေအတွက် စစ်မှန်တဲ့သန်းခေါင်စာရင်း လိုတာပေါ့။ ဒါပေမဲ့ လက်ရှိအချိန်မှာ အားလုံးကိုလွှမ်းခြုံနိုင်မယ့် သန်းခေါင်စာရင်း ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ အများကြီး စဉ်းစားဖို့လိုတယ်။ ကျနော်တို့ အမြင်နဲ့ကျတော့ မဖြစ်နိုင်ဘူးလို့ မြင်တာပေါ့နော်။"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့် ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့ အောက်တိုဘာလထဲ သန်းခေါင်စာရင်း ကောက်ယူနိုင်အောင် လုပ်ဆောင်နေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က မိတ္ထီလာမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ နိုင်ငံရေးအကြောင်းပြပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို မလုပ်ဆောင်ရင် တိုးတက်မှုနောက်ကျမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အာဏာသိမ်းပြီးချိန်မှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစုတွေထဲ ရောက်နေတဲ့ လူငယ်တွေနဲ့ စစ်ရှောင်ပြေးလွှားနေရတဲ့ အိမ်ထောင်စုတွေ တနေ့ထက်တနေ့ တိုးလာနေချိန်မှာ သန်းခေါင်စာရင်း ကောက်ခံမယ့်လုပ်ရပ်က မဖြစ်နိုင်ဘူးလို့ တချို့က ယူဆနေတာပါ။

"နိုင်ငံရဲ့အနေအထားက တည်ငြိမ်သွားတယ်ဆိုတာထက် ပိုပိုပြီးဆိုးလာတဲ့ အနေအထားတွေလို့ ကျနော်တို့ မြင်နေကြရတယ်။ ဒါ မဖြစ်နိုင်ပါဘူးပြောလည်း လုပ်ချင်ရင် လုပ်ကြမှာပဲလေ။ လုပ်ချင်တာလုပ်တာက တပိုင်းပဲ။ ရလာတဲ့ဒေတာဟာ နိုင်ငံ့အကျိုးရှိရာရှိကြောင်း အသုံးချနိုင်တဲ့ဒေတာ မဖြစ်နိုင်ဘူးလို့ ပြောချင်တာ။ နိုင်ငံရဲ့အနာဂတ်လည်း အကုန်ပျက်သွားပြီ၊ ပျောက်နေတယ်။ ဇွတ်ကြီးကောက်လိုက်လည်း ပျောက်နေတဲ့လူငယ်တွေ ဘာလုပ်ရမှာလဲ။ သူတို့တတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားရတာလား။ နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်းလိုတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ မဖြစ်နိုင်ဘူးဆိုတာ အဲဒါကိုဆိုလိုချင်တာ။"

သန်းခေါင်စာရင်းမှာ လူတိုင်းပါဝင်ဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ဆိုင်းဘုတ်တွေက တချို့တိုင်းနဲ့ ပြည်နယ်တွေမှာတော့ မရှိသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီက လာမယ့် ၂၀၂၅ မှာ ကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့အချက်အလက်တွေကိုတော့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ်က လိုက်လံကောက်ခံတာ ရှိခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် တမြို့လုံးအတိုင်းအတာတော့ မကောက်နိုင်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"အစီအစဉ်တော့ သူတို့ရေးဆွဲနေတယ်။ ဘယ်အချိန် ထလုပ်မယ်တော့ မသိဘူး။ သန်းခေါင်စာရင်း ကောက်ဖို့ရာအတွက် ဆိုင်းဘုတ်တွေကတော့ ဒီမှာ မချိတ်သေးဘူး။ လောလောဆယ်တော့ သန်းခေါင်စာရင်းနဲ့ ပတ်သက်တာတော့ လုပ်တာမရှိသေးဘူး။ ဆိုင်ကယ်တွေတော့ဖမ်းတယ်။ အဖမ်းအဆီးက မြို့ပေါ်မှာ တော်တော်လေးများနေတယ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းထဲမှာ မုံရွာဒေသမျိုးမှာ သူတို့ပွင့်ပွင့်လင်းလင်း မလုပ်လောက်ဘူးလို့ ကျနော်ထင်တယ်ဗျ။ ပြီးခဲ့တဲ့ ၂၀၂၃ တုန်းကလည်းပဲ သူတို့ရွေးကောက်ပွဲ လုပ်ဖို့ရာအတွက် မြို့ပေါ်မှာ သန်းခေါင်စာရင်း လိုက်ကောက်တယ်။ ရပ်ကွက်တိုင်း သူတို့မကောက်နိုင်ဘူး။ တချို့ရပ်ကွက်တွေကျ အကျပ်အတည်းတွေရှိတယ်။ အကျပ်အတည်းတွေ ရှိတဲ့အခါကျတော့ သူတို့လုံခြုံရေး စိတ်မချရဘူးပေါ့လေ။ စိတ်မချရတော့ သူတို့ဆက်ပြီးမကောက်ဘူး။"

အခုကောက်ယူမယ့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနဲ့ အစီရင်ခံစာထုတ်ပြန်ခြင်း ဆိုတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ၂၀၂၆ ခုနှစ် မတ်လအထိ လုပ်ဆောင်သွားမယ်လို့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း မကောက်ခံနိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးကောက်ယူခဲ့တာပါ။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဖော်ပြချက်အရ မြန်မာနိုင်ငံတွင်းမှာ အမြဲတမ်းနေထိုင်သူ ကျား ၂၄.၈ သန်းကျော်နဲ့ မ ၂၆.၆ သန်းကျော် ရှိပါတယ်။ အဲဒီစုစုပေါင်း လူဦးရေ ၅၁.၄ သန်းကျော်ထဲက ၁.၂ သန်းဟာ လုံခြုံရေးနဲ့ တခြားအခြေအနေတွေကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်တဲ့ဒေသတွေမှာရှိတဲ့ ခန့်မှန်းလူဦးရေ စာရင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG