သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားရုပ်သိမ်းမှု ဥပဒေနဲ့ မညီဟု NUG ပယ်ချ


မနှစ်က မန္တလေးမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ချီတက်ဆန္ဒပြသူများ။ (မတ် ၁၅၊ ၂၀၂၁)
မနှစ်က မန္တလေးမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ချီတက်ဆန္ဒပြသူများ။ (မတ် ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး ပြည်ပကို တရားမဝင် ထွက်ခွာသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူစာရင်း စစ်ကောင်စီဘက်က ဆက်တိုက်ဆိုသလို ထုတ်ပြန်နေပါတယ်။ ကုလဆိုင်ရာ သံအမတ်ကြီး အပါအဝင် သံရုံးဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ နယ်ပယ်အသီးသီးက ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံနေရတဲ့အပေါ် နိုင်ငံသားအရုပ်ခံရတဲ့အထဲ ပါဝင်တဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရ အကျုံးမဝင်ဘူးဆိုပြီး ပယ်ချပါတယ်။ လူ့အခွင့်အရေး ရှေ့နေတဦးကလည်း နိုင်ငံသားအခွင့်အရေးနဲ့ မညီညွတ်တဲ့အတွက် တရားမဝင်ဘူးလို့ သုံးသပ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ နယ်ပယ်စုံ အလွှာအသီးသီးက ဒီမိုကရေစီ အင်အားစုတွေထဲက တချို့ဟာ ဖမ်းဆီးထောင်ချခံရတာရှိသလို ဘေးလွတ်ရာ တိုင်းရင်းဒေသတွေ အိမ်နီးချင်းနိုင်ငံတွေဘက်ခြမ်း နယ်စပ်ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာတိမ်းရှောင်ခဲ့ရသူတွေလည်း ရှိပါတယ်။ ဒီအထဲကမှ ပြည်ပထွက်ခွာသွားသူ စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုှပ်ရှားသူ တချို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီဘက်က ကြေညာချက်တွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။

ပထမဆုံးအကြိမ် ၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့က ထုတ်ပြန်ချိန်မှာတော့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တချို့ အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ နိုင်ငံသား ၁၁ ဦး ပါဝင်ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးတွေဖြစ်တဲ့ ဦးဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးထင်လင်းအောင်၊ ဒေါ်အိသဉ္ဇာမောင်နဲ့ ဦးမင်းကိုနိုင် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ ပါဝင်ခဲ့ပြီး နောက် မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အဆိုတော် ဆောင်းဦးလှှိုင်၊ NUG ဝန်ကြီး ဒေါ်ခင်မမမျိုး CRPH က ဒေါ်ဖြူဖြူသင်း၊ ဒေါ်ခင်မမမျိုး အပါအဝင် ၅ ဦး၊ ဧပြီလ ၁ ရက်နေ့မှာတော့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် CDM ဝင်ထားတဲ့ သံဝန်ထမ်းတွေဖြစ်တဲ့ ပထမအတွင်းဝန်ဦးမောင်မောင်လတ်နဲ သံဝန်ထမ်းတချို့၊ နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လန်ဒန်သံအမတ်ကြီး ဦးကျော်စွာမင်း၊ သရုပ်ဆောင် ဒေါင်း၊ အဆိုတော် ဟန်ထူးလွင်နဲ့ စာရေးဆရာ အနုပညာရှင် စတဲ့ ထင်ရှားကျော်ကြားသူ ၁၇ ဦးကို နိုင်ငံသားအဖြစ် ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေ ပြုလုပ်ခဲ့ကြတဲ့အတွက်ဆိုတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ အရ ပုဒ်မ ၆၈ လုပ်ကိုင်ခွင့်ကို ကျင့်သုံးပြီး ပုဒ်မ ၁၆ နဲ့အညီ နိုင်ငံသားမှ ရပ်စဲလိုက်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ စွပ်စွဲပြောဆိုချက်ကို NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံခဲ့ရသူတွေက လက်မခံ ပယ်ချထားကြပါတယ်။

ဒီတကြိမ်ထုတ်ပြန်မှုမှာတော့ သံအမတ်ကြီးတွေနဲ့ သံဝန်ထမ်း တော်တော်များများကို စစ်ကောင်စီကနေ နိုင်ငံသားအဖြစ် ရပ်စဲခဲ့တာပါ။ ထည့်သွင်းကြေညာခံခဲ့ရတဲ့ CDM အကြမ်းမဖက် အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ တတိယအတွင်းဝန် ဦးကျော်စွာထွန်းက သူ့အပေါ် နိုင်ငံသားရုပ်တဲ့အပေါ် လက်မခံကြောင်းနဲ့ စစ်ကောင်စီဘက်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“ရည်ရွယ်ချက်ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သာမန်အားဖြင့် မြင်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့တွေဟာ မြန်မာနိုင်ငံသား မဟုတ်တော့ဘူး ဆိုတာကို နိုင်ငံတကာကို ချပြချင်တာ။ အထူးသဖြင့် ကျနော်တို့ရဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပေါ့နော်၊ မြန်မာနိုင်ငံသား မဟုတ်တော့တဲ့အတွက် ထွက်ဆိုချက် စကားအခွန်းတိုင်းဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူးဆိုပြီး ခြေလှမ်း လှမ်းချင်တဲ့ သဘောလို့ ကျနော်မြင်မိတယ်။ အဓိကကတော့ ၂၀၂၁ ခုနှစ်တုန်းက ဖြစ်လာခဲ့တဲ့ဟာကို အခြေခံပြီး ပြန်ကြည့်ရမှာပေါ့နော်။ သံအမတ်ကြီးက ယူအန်မှာ ကိုယ်စားလှယ်အနေနဲ့ ဆက်လက် ရပ်တည်နိုင်ရေး ကျနော်တို့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြရတယ်။ အခု ၂၀၂၂ ခုနှစ်မှာလည်း သူတို့ဘက်က ခြေလှမ်းပြန်စလာတယ်လို့ပဲ မြင်ရပါတယ်။ သုံးသပ်မိတယ်ပေါ့နော်။ နောက် သူတို့က ၈၂ နိုင်ငံသားဥပဒေလို့ ပြောထားတယ်။ တကယ့်တကယ် ပုဒ်မ ၁၇ မှာ တိုင်းတပါးရဲ့ အထောက်အပံ့ ရယူခြင်းနဲ့ နောက် တိုင်းတပါးကို ခိုလှုံခြင်းပေါ့နော်။ တကယ့်တကယ် ကျနော်တို့ အခုနေနေတာက ယာယီနေထိုင်တာ ကျနော်တို့ရဲ့ သံတမန် Status ကို အသိအမှတ်ပြုပြီးတော့ ဆက်လက်နေထိုင်ခွင့် ပေးထားတာ၊ ဆိုတော့ သူတို့ထုတ်ပြန်တဲ့ အမိန့်နဲ့ သူတို့လုပ်ဆောင်ချက်က တခြားစီပါပဲ။”

အခုလို စစ်ကောင်စီဘက်က ပြည်ပမှာ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တဲ့ နိုင်ငံဝန်ထမ်းတွေ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြိုးပမ်းခဲ့ကြသူတို့ ဘေးလွတ်ရာ ပြည်ပကို တိမ်းရှောင်နေရသူတွေကို နိုင်ငံသားရပ်စဲတာဟာ တရားဥပဒေနဲ့ မညီဘူးလို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကလည်း အခုလို သုံးသပ်ပါတယ်။

“ဒီလိုမျိုး နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းနေတယ် ဆိုတာမျိုးတွေ ကျနော်တို့ ကြားနေရပါတယ်။ တကယ်တော့ ဒီလို ရုပ်သိမ်းနေတယ်ဆိုတဲ့ ကိစ္စတွေက တရားမဝင်ဘူးလို့ ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတယောက်ရဲ့ နိုင်ငံသားအခွင့်အရေးကို ပြန်ရုပ်သိမ်းလို့မရတဲ့ အခွင့်အရေးထဲမှာ တိုင်းရင်းသား မိဘကနေ မွေးဖွားလာတဲ့ နိုင်ငံသားကို နိုင်ငံသားအဖြစ်ကနေ ရုပ်သိမ်းလို့ မရပါဘူး။ အခုလို ရုပ်သိမ်းနေတဲ့ ကိစ္စတွေဟာ ဥပဒေနဲ့အညီ မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ပြောနိုင်ပါတယ်။ တိုင်းပြည်ပြင်ပမှာ ရောက်နေတဲ့သူတွေကို ဒီလိုမျိုး ထုတ်လိုက်လို့ရှိရင် အားလျော့သွားကြမယ်။ နောက်ပိုင်း ပြည်ပထွက်မယ့်သူတွေလည်း လျော့သွားနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိတယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ တခါ ကျနော်တို့ အရှိန်အဟုန်ကောင်းကောင်းနဲ့ လှုှပ်ရှားနေကြတဲ့ နိုင်ငံတကာနဲ့ မြန်မာ ပူးပေါင်း လှုပ်ရှားနေကြတာတွေကိုလည်း တနည်းတဖုံနဲ့ ရပ်တန့်သွားအောင် ဟန့်တားနိုင်အောင်လုပ်တဲ့ ရည်ရွယ်ချက်လို့လည်း ကျနော်မြင်ပါတယ်။”

အခုလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အသုံးပြုပြီး နိုင်ငံသားဖြစ်တည်မှုနဲ့ နိုင်ငံကူးလက်မှတ် ရုပ်သိမ်းပိုင်ခွင့်ရှိရေး စစ်ကောင်စီရဲ့ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခြင်း ထုတ်ပြန်ကြေညာချက်တွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က ရှှုတ်ချကြောင်းနဲ့ ဒီထုတ်ပြန်ချက်တွေဟာ တရားမဝင်ဘူးလို့ သမ္မတ ဒူဝါလရှီးလကလည်း ဧပြီလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံထဲက ပြည်နယ် တိုင်း ဒေသကြီး နေရာတချို့မှာ မိသားစုဝင် သန်းခေါင်စာရင်း လူဦးရေအရေအတွက်တွေ ပိုက်စိပ်တိုက် စစ်ဆေးမေးမြန်းနေသလို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် မြန်မာနိုင်ငံသားတချို့ဟာ ပြည်ပကို ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရေး အတွက်ရော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရှာဖွေနိုင်ရေးအတွက် တရားဝင်ရော တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)











XS
SM
MD
LG