ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုဟာ အကြမ်းဖက်ရက်စက်တဲ့ လုပ်ရပ်ဖြစ်ပြီး ပါဝင်ပတ်သက်နေသူ မည်သူမဆို မြန်မာအစိုးရက ထိထိရောက်ရောက် အရေးယူမှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက မနေ့ အင်္ဂါနေ့က ရန်ကုန်မှာ ကျင်းပတဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ဒါအပြင် အကြမ်းဖက် တိုက်ခိုက်သူတွေ အသုံးပြုတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေမှာ INGO နဲ့ NGO နိုင်ငံတကာ စေတနာ့ဝန်ထမ်း အဖွဲ့တွေက ပံ့ပိုးတဲ့ ပစ္စည်းတွေ ပါဝင်နေကြောင်း ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း ပြောပါတယ်။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အနေနဲ့ ကြေညာချက် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က တုန့်ပြန်ထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။
မောင်တောခရိုင်မှာ ရှိနေတဲ့ စစ်သွေးကြွတွေဟာ အဲဒီဒေသကို သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေအဖြစ် သိမ်းပိုက်ဖို့ အကြံအစည်နဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ တွေ့ဆုံရှင်းလင်းပွဲမှာ ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီလို အကြမ်းဖက် တိုက်ခိုက် ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။
“ ဒါတွေဟာ ရက်စက်တဲ့ လုပ်ရပ်တွေ ဖြစ်တဲ့အတွက်ကြောင့် ယဉ်ကျေးတဲ့ ကမ္ဘာကြီးက လက်ခံနိုင်စရာ မရှိပါဘူး။ ဒါဟာ မြန်မာနိုင်ငံသားတွေ အပေါ်လည်း ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလို နိုင်ငံ အပေါ်မှာလည်း ရာဇဝတ်မှု ကျူးလွန်ရာ ရောက်ပါတယ်။ ယဉ်ကျေးတဲ့ နိုင်ငံတွေ အပေါ်မှာလည်း ရာဇဝတ်မှု ကျူးလွန်ရာ ရောက်ပါတယ်။ဒီလို အကြမ်းဖက် လုပ်ရပ်ကို ငွေကြေး ထောက်ပံတာ၊ ကြံစည်တာ၊ ဖေါ်ဆောင်မှုမှာ ပါဝင်တဲ့ ဘယ်သူကိုမဆို တရားဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ဒီတွေ့ဆုံ ရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း အကြမ်းဖက်မှုတွေမှာ INGO နဲ့ NGO နိုင်ငံတကာ စေတနာ့ဝန်ထမ်း အဖွဲ့တွေ ပါဝင်နေတဲ့ အထောက်အထားတွေ ရထားကြောင်း ပြောကြားခဲ့ပါတယ်။ NGO / INGO တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းကို တင်သွင်းလာတဲ့ ပစ္စည်းတချို့ကို အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေ ပြုလုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက အခုလိုပြောပါတယ်။
“ တချို့ NGO/ INGO တွေဟာ အဲဒီဘက် ဒေသမှာ ဘူးသီးတောင်၊ မောင်တော နယ်မြေမှာ ထူထောင်ရေး လုပ်ငန်းများ အတွက် ကျနော်တို့ တင်သွင်းတဲ့ ပစ္စည်း ကိရိယာတွေ တွေ့ရပါတယ်။ အဲဒါတွေကတော့ သံပိုက်လုံးတွေ၊ အမိုးနီးယား ဓာတ်မြေသြဇာတွေ၊ တင်သွင်းလာခဲ့တာ တွေ့ရပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တချို့ အကြမ်းဖက်သမားများ လက်ထဲ ရောက်တဲ့ အချိန်မှာ ကျနော်တို့ကို ပြန်လည်ပြီးတော့ တိုက်ခိုက်လာနိုင်တဲ့ လက်လုပ်မိုင်းတွေ လက်လုပ်ယမ်းတွေ လုပ်ပြီးတော့မှ ဒါကျနော်တို့ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည် တိုက်ခိုက်လာတယ် ဆိုတာကို ကျနော်တို့ သိရပါတယ်။ ”
သြဂုတ်လ (၂၇) ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ သတိပေး ထုတ်ပြန်ချက်မှာလည်း INGO/ NGO အဖွဲ့တွေကနေ အကြမ်းဖက် သမားတွေကို အကူအညီပေးမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပြီး WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ထောက်ပံ့တဲ့ အစားအစာ တချို့ကို အကြမ်းဖက်သမားတွေ ခိုအောင်းတဲ့ စခန်းချရာ တဲတွေမှာ တွေ့ခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
အခုလို ကုလသမဂ္ဂ ဝန်ထမ်းတွေ အပါအဝင် နိုင်ငံတကာ စေတနာ့ဝန်ထမ်းတွေကို မြန်မာအစိုးရဘက်က စွပ်စွဲပြောဆို တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မနေ့ အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် UNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Adrian Edwards က ကုလသမဂ္ဂ အနေနဲ့ မြန်မာအစိုးရကို ဆက်သွယ်မေးမြန်းနေကြောင်းနဲ့ မကြာခင် ကြေညာချက် ထုတ်ပြန်ဖို့ ရှိကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။
“ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ အမှုထမ်းတွေဟာ အာဏာပို်င်တွေနဲ့ ဆက်သွယ်နေပါတယ်။ ကျနော် ဒီကနေ့ မနက်ပိုင်းမှာ သူတို့နဲ့ စကားပြောရပါတယ်။ အမျိုးသား လုံခြုံရေး အကြံပေးရဲ့ တွေ့ဆုံရှင်းလင်းပွဲ မှာလည်း သူတို့ တက်ရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြေညာချက် ထုတ်ပြန်ဖို့ ရှိပါတယ်။ ”
အထူးသဖြင့် UNHCR က အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပံပိုးပေးနေတယ်လို့ လူတွေက စွပ်စွဲ ပြောဆိုနေကြပြီး သူတို့ လက်ခံရရှိတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝန်ထမ်း ၈ ဦးဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်လို့ သတင်းထောက်တဦးက မေးမြန်းရာမှာ Adrian Edwards က အခုလို ဖြေကြားခဲ့ပါတယ်။
“ မြန်မာအစိုးရကို ကိုကားပြီး ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကြားသိရပြီး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျနော် အထူးပြောစရာတော့ မရှိပါဘူး။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ဆိုတာဟာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးနေတဲ့ ဘက်မလိုက်တဲ့ အဖွဲ့အစည်းဆိုတာ အများအသိ ဖြစ်ပါတယ်။”
အခုလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အခြေအနေတွေ ဆိုးရွားနေပြီး နှစ်ဖက် အသိုင်းအဝိုင်းက အပြစ်မဲ့ အရပ်သားတွေ သေကြေ ဒုက္ခရောက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်းလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al’ Hussein က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြား မုန်းတီးစေတဲ့ အမုန်းစကား ဖြန့်ဝေပြောဆို လှုပ်ရှားမှုတွေကို ရှုတ်ချတားဆီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
ဒီအတောအတွင်းမှာပဲ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က စတင်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရင်က "အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ"ဟု ခေါ်ဝေါ်သုံးစွဲမှုအစား "ARSA_ (Arakan Rohingya Salvation Army) အစွန်းရောက် အကြမ်းဖက်သမားများ"လို့ ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က မြန်မာအစိုးရဘက်ကို အခေါ်အဝေါ်ပြောင်းလဲသုံးစွဲဖို့ မေတ္တာရပ်ခံကြောင်းနဲ့ အစွန်းရောက် အကြမ်းဖက်သမားများအား တိုက်ခိုက်ရာမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရကို အကူအညီပေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5