မြန်မာနိုင်ငံတွင်း အမုန်းတရားလှုံ့ဆော်မှု ကုလ စွပ်စွဲချက် Facebook တုံ့ပြန်

မြန်မာပြည်တွင်းမှာ လူမှုကွန်ယက် Facebook ကို သုံးပြီး ရိုဟင်ဂျာတွေ၊ လူနည်းစုတွေ အပေါ်ကို အမုန်းတရားတွေ လှုံ့ဆော်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ မှတ်ချက်ပေး ပြောဆိုချက်ထွက်လာတဲ့နောက်မှာ Facebookက သူတို့ဟာ မြန်မာနိုင်ငံတွင်း အမုန်းတရားလှုံ့ဆော်မှုတွေကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နေပါတယ်လို့ အင်္ဂါနေ့မှာပဲ တုန့်ပြန်လိုက်ပါတယ်။

Facebook ကို လူထုကြားမှာ ချိတ်ဆက်ဖို့ သုံးတယ်ဆိုပေမယ့် ဗုဒ္ဓဘာသာဝင် အစွန်းရောက် မျိုးချစ်တွေမှာ သူတို့ ကိုယ်ပိုင် Facebook အကောင့်တွေ ရှိကြပြီး ရိုဟင်ဂျာတွေ၊ တခြား တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေကြတာမို့ Facebook ကို သုံးဖို့ မူလရည်ရွယ်ချက်ထက် အခုအခါမှာ ကြောက်ရွံ့စရာ ဖြစ်လာနေတယ်လို့ မစ္စယန်ဟီးလီက တနင်္လာနေ့ Geneva မှာ ၃၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

Facebook ကတော့ သူတို့စာမျက်နှာမှာ ရိုဟင်ဂျာတွေကို ဦးတည်တိုက်ခိုက်တဲ့ စာတွေ တင်လာရင် တင်လာတဲ့အကောင့်တွေကို ဖယ်ရှားရပ်ဆိုင်းတာတွေ လုပ်ခဲ့တယ်လို ဆိုပါတယ်။ Facebook အသိုင်းအဝိုင်းအတွင်း တဦးနဲ့တဦး အမုန်းပွါးစေဖို့တင်တဲ့ အကောင့်တွေကို အသုံးပြုခွင့်မပေးတဲ့ စည်းကမ်းချက်အရ မြန်မာနိုင်ငံက အရှင်ဝီရသူရဲ့ Facebook စာမျက်နှာကို Facebook ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပိတ်ပစ်ခဲ့တာပါ။ Facebookပြောခွင့်ရကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွမ်းကျင်သူတွေဟာ Facebook သုံးစွဲမှု လုံခြုံစိတ်ချရစေဖို့ နှစ်အတော်ကြာ လုပ်ဆောင်နေတာဖြစ်ပြီး အမုန်းတရား လှုံ့ဆော်မှုမရှိစေဖို့ အထူးအလေးထား လုပ်ဆောင်နေတာ ဖြစ်ကြောင်းပြောပါတယ်။

ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ် ကြောက်ရွံ့မှုတွေ နှစ်နဲ့ချီလာချိန်မှာပဲ စစ်တပ်က ပြီးခဲ့တဲ့ သြဂုတ်လမှာ လူမှုမီဒီယာသုံးပြီး တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ ဝေဖန်မှုတွေရှိခဲ့သလို ဒါကို ထောက်ခံသူအများအပြားလည်း ရှိနေတာပါ။

Your browser doesn’t support HTML5

မြန်မာနိုင်ငံတွင်း အမုန်းတရား လှုံ့ဆော်မှု ကုလစွပ်စွဲချက် Facebook တုံ့ပြန်