မလေးရှားနိုင်ငံ ပီနန်းကျွန်းအနီးမှာ မနေ့က ကုန်တင်သင်္ဘောတစင်း မှောက်သွားခဲ့တာမှာ မြန်မာသင်္ဘောသား ၄ ဦး အပါအဝင် ၉ ဦး ပျောက်ဆုံးနေတယ်လို့ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီက ထုတ်ပြန်ထားပါတယ်။ ရှာဖွေ ကယ်ဆယ်မှုတွေ အဆက်မပြတ်လုပ်နေတယ်လို့လည်း ပြောပါတယ်။ နောက်ဆုံးသိရတဲ့ အခြေအနေကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။
Pulau Burung ခေါ် ဌက်ကျွန်းရဲ့ အနောက်မြောက်ဘက် ရေမိုင် ၄ မိုင်အကွာ၊ Kuching မြို့နဲ့ Sebuyau မြို့ ကြား မလေးရှား ရေပိုင်နက်အတွင်း Kuching မြို့ကနေ ထွက်လာတဲ့ MV Tung Sung ကုန်တင် သင်္ဘောဟာ ဇူလိုင်လ ၂၀ ရက် မနက် ၉ နာရီ ခွဲကျော်ခန့်က မှောက်သွားခဲ့တာပါ။ အဲဒီနေ့ နေ့လည် တနာရီလောက် ကစပြီး အဆက်မပြတ် ရှာဖွေ ကယ်ဆယ်မှုတွေ လုပ်ခဲ့ပေမဲ့ သင်္ဘောပေါ် ပါလာသူတွေကို ရှာဖွေ မတွေ့သေးဘူးလို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီရဲ့ ညွှန်ကြားရေးမှူး ဇင် အာဇမန် (Zin Azman) က မလေးဘာသာနဲ့ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။
“ ကုန်တင်သင်္ဘော နစ်မြုပ်သွားတဲ့နေရာကို ကမ်းခြေစောင့် ရေယာဉ် ကယ်ဆယ်ရေးအဖွဲ့တွေက အပူးတပြင်း ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်” - လို့ မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ ညွှန်ကြားရေးမှူးက ပြောသွားတာပါ။
သင်္ဘောနစ်မြှုပ်ခဲ့တဲ့ နေရာရော ရေပြင်ကိုပါ အခုချိန်မှာ ရဲတပ်ဖွဲ့ ရေယာဉ်တွေ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေကို ရှာဖွေနေဆဲဖြစ်တဲ့အကြောင်း မလေးရေကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မလေးရှား လေကြောင်းဆိုင်ရာ တော်ဝင် ရဲတပ်ဖွဲ့ကလည်း ဝေဟင်ကနေ ပူးပေါင်း ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
မနေ့ညပိုင်းက ရာသီဥတု ဆိုးရွားနေတဲ့ကြားမှာကိုပဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မရပ်မနား လုပ်ဆောင်နေခဲ့ပြီး သင်္ဘောသားတွေကိုတော့ ပြန်လည် ရှာဖွေ မတွေ့သေးပါဘူး။
ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေထဲမှာ မြန်မာ နိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေတဲ့ မြန်မာ ၄ ဦးကတော့ အသက် ၂၀ နဲ့ ၅၀ အကြားတွေဖြစ်ပြီး သက်မင်းဂျူလိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်းနဲ့ ထွန်းလင်းဦးတို့ ဖြစ်တယ်လို့ မလေးရှားသတင်းတွေမှာ ပါရှိပါတယ်။
Tung Sung အမည်ရှိတဲ့ ကုန်တင်သင်္ဘောဟာ မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားပြီး ၁၈၄ ပေ အရှည်ရှိတဲ့ ကုန်တင်သင်္ဘော ဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့ နေလည်ပိုင်းမှာ မလက်ကာ ရေလက်ကြားကို ဦးတည်သွားနေရာကနေ သင်္ဘော ဆက်သွယ်ရေး ပြတ်သွားတာဖြစ်ပါတယ်။ သင်္ဘောနစ်မြှုပ်တဲ့ အကြောင်းရင်းကို မသိရသလို၊ ပျောက်ဆုံးသင်္ဘောသားတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5