မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၅ ခုနှစ်ကူးချိန်မှာ လူသားချင်းစာနာ အကူအညီလိုအပ်သူ သန်း ၂၀ လောက် ရှိလိမ့်မယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး UNOCHA ကပြောလိုက်ပါတယ်။ အဲဒီထဲက ၅ သန်းခွဲလောက် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးပေါ် အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံပေးဖို့လည်း UNOCHA က ဒီကနေ့ အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ကပ်ရောဂါတွေ၊ ပေါက်ကွဲစေ တတ်တဲ့ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်း စတဲ့ဘေးအန္တရာယ်တွေကြောင့် လူ သန်း ၂၀ လောက်ဟာ လာမယ့် ၂၀၂၅ ခုအတွင်း လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေလိုအပ်မယ်လို့ UNOCHA ရဲ့ အစီရင်ခံမှာ ပြောထားပါတယ်။ အဲဒီထဲက ၅ ဒသမ ၅ သန်းလောက်ကတော့ အသက်ရှင်ရေးအတွက် အကူအညီ မဖြစ်မနေ လိုအပ်နေတယ်လို့ သတိပေးထားပါတယ်။
ပဋိပက္ခနဲ့စစ်ပွဲတွေကြောင့် အိုးအိမ်တွေနဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေကို စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ သိသိသာသာတိုးလာနေပါတယ်။ အကြမ်းဖျင်းအားဖြင့်လူ ၃ သန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွါထွက်ပြေးခဲ့ရပြီး အဲဒီထဲကသုံးပုံတပုံဟာ ကလေးတွေဖြစ်ပါတယ်။
အထွေထွေအကြပ်အတည်းတွေကြောင့် လူ ၁၅ သန်းလောက်ဟာ အစားအစာမလုံလောက်တဲ့ဘေးကို ကြုံနေရပြီး၊ ကျန်းမာရေး၊ ပညာရေးတွေဟာလည်းဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။ ဒါ့အပြင် သန်းပေါင်းများစွာသော မြန်မာပြည်သူတွေဟာလည်း အန္တရယ်ကင်းကင်း နေထိုင်နိုင်တဲ့ နေရာထိုင်ခင်း မရှိသလို သန့်ရှင်းတဲ့သောက်သုံးရေလည်းမရရှိဘူးလို့ OCHA ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံမှာအလွန်ဆိုးရွားတဲ့ကပ်ဘေးကြီးအဆင့်ကို ရောက်မသွားအောင်တားဆီးနိုင်ဖို့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း အရေးပေါ်အကူအညီတွေပေးကြဖို့ကိုလည်း UNOCHA က မေတ္တာရပ်ခံထားပါတယ်။
Your browser doesn’t support HTML5