စစ်မှုထမ်းစုဆောင်းခံရသူ လူငယ်တွေ အစောင့်စစ်သား ၂ ဦးကိုသတ်ပြီးတိမ်းရှောင်

အစောင့်စစ်သား ၂ ဦးကို သတ်ပြီး KNU ထံခိုလှုံခဲ့သူများ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

ထိုင်းအကျဉ်းထောင်တွေက လွက်ရက်စေ့ပြီး မြန်မာနိုင်ငံ ကော့သောင်းဖက်ကို ပြန်ပို့ခံရတဲ့ လူငယ် ၂၇ ဦးကို စစ်မှုထမ်းခိုင်းဖို့ ခေါ်ဆောင်သွားစဉ် အစောင့်စစ်သား ၂ ဦးကို သတ်ဖြတ်ပြီး တိမ်းရှောင်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က စစ်လ့ကျင့်ရေးကျောင်းအသွားလမ်းမှာ လွတ်မြောက်သွားတဲ့ လူငယ်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄)ထံ ခိုလှုံသွားတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာတေ့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းအကျဉ်းထောင်တွေက လွက်ရက်စေ့လို့ ပြန်လွတ်လာတဲ့လူငယ်တွေကို စစ်ကောင်စီက စစ်သားအဖြစ်အတင်းအကြပ်ဖမ်းဆီးစုဆောင်းနေတာဟာ ဇူလိုင်လကတည်းကဖြစ်ပါတယ်။ ရနောင်းကော့သောင်းလမ်းကနေ နေရပ်ပြန်ပို့ခံရတဲ့လူငယ် ၂၇ ဦး ကို စစ်မှုထမ်းဖို့စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းကို ခေါ်ဆောင်လာတုန်းမှာပဲ စက်တင်ဘာလ ပထမအပတ်ထဲမှာပဲ အစောင့် စစ်သား ၂ဦးကို လုပ်ကြံပြီး KNU တပ်မဟာ (၄) နယ်မြေကိုခိုလှုံလာခဲ့တယ်လို့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးက VOAကိုပြောပါတယ်။

"ထိုင်းကလာသွန်တဲ့ ကလေးတွေကို စစ်မှုထမ်းဖို့ လေ့ကျင့်ရေးစခန်းကိုပို့တယ် မနေ့ကတည်းကကြားရတယ် ပုလော လေ့ကျင့်ရေးစခန်းကိုပို့ချိန်မှာလှေပေါ်က အစောင့်စစ်သား၂ယောက်ကို လုပ်ကြံပြီးတော့ထွက်ပြေးလာတဲ့ပုံစံပေါ့"

ပြန်လွတ်လာသူတွေကို ဖမ်းဆီးပြီးငွေညှစ်တောင်းခံတာတွေလုပ်ခဲ့သလို ငွေ မပေးနိုင်သူတွေကိုတော့အခုလိုမြိတ်တို့ ပုလောတို့ဘက်က စစ်လေ့ကျင့်ရေးနေရာတွေဆီကို ပို့တာဖြစ်တယ်လို့လည်းပြောပါတယ်။

"ပို့တာကတော့ အဆင့်အဆင့်ပို့တယ် ကော့သောင်းကနေ မြိတ်ကိုတဆင့်ပို့တယ် မြိတ်ကနေ ပုလောကိုပို့တယ်။ သူတို့ကတော့ရေကြောင်းကနေ ပို့ပါတယ်"

စစ်ကောင်စီရဲ့ အမှတ်(၁၂) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို လှေ ၇ စီးနဲ့ပို့ဆောင်တုန်းမှာ အစောင်စစ်သား၂ဦးကိုလုပ်ကြံပြီးထွက်ပြေးကြတာဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) KNDO တပ်ရင်း(၇)တပ်ခွဲ(၅)ထံ လာရောက်ခိုလှုံခဲ့ကြောင်း တပ်မဟာ (၄)က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ စစ်လေ့ကျင်ရေးကျောင်းဟာ တနင်္သာရီတိုင်းပုလောမြို့နယ်အတွင်းတည်ရှိပါတယ် ။ ဇူလိုင်လ နဲ့ဩဂုတ်လအတွင်းမှာပဲ ထိုင်းဘက်က နေရပ်ပြန်ပို့တဲ့လူငယ်တွေကို ခလရ ၂၆၂ က လာရောက်ခေါ်ဆောင်သွားပြီး ကျပ်ငွေ သိန်း ၂၀ (ထိုင်းဘတ် ၂သောင်း) နဲ့ ရွေးခိုင်းပေမယ့် မိသားစုတွေကအဆင်မပြေလို့ငွေမပေးနိုင်တဲ့အခါမှာအခုလိုမျိုးစစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

စစ်မှုထမ်းစုဆောင်းခံရသူ လူငယ်တွေ အစောင့်စစ်သား ၂ ဦးကိုသတ်ပြီးတိမ်းရှောင်