အာရှလမ်းမအနီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်

ကော့ကရိတ်မြို့နယ်ထဲက ရန်ကုန်-မြဝတီအပိုင်း အာရှလမ်းမကြီးတနေရာကိုတွေ့ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၃)

ကရင်ပြည် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး စစ်ကောင်စီတပ်တွေနဲ့ KNLA နဲ့ ပူးပေါင်း တပ်တွေကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပါတယ်။ စစ်ကောင်စီက နောက်ထပ် တပ် အင်အားတွေ ထပ်မံဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေပြင်းထန်မယ့် အလားအလာတွေ ရှိနေတယ် လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကောကရိတ်မြို့နယ်ထဲက မြဝတီကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီ တပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး မနေ့ကတော့ စစ်ကောင်စီ ဘက်က တပ်အင်အားဖြည့်ပြီး တက်လာတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက VOAကိုပြောပါတယ်။

"အခုစစ်ကောင်စီဘက်က အာရှလမ်းဘက်ကိုထိုးစစ်ဆင်နေတာ နောက်ဆုံးရထားတဲ့သတင်းအရ စစ်ကောင်စီကလုံခြုံရေးအရ ဇာတ်ပွဲကားပုံစံနဲ့ အင်အား ၁၀၀ ကျော်ကို ၆ဘီးကား ၃ စီးနဲ့ သယ်လာတာ တွေ့ရပါတယ်။ တိုက်ပွဲတွေကတော့ တောနော ရေတံတခွန်တဝိုက် ကမိုင်ကုန်း ဘက်တွေမှာဖြစ်နေတယ်။ ကော့ကရိတ်တဝိုက် နေ့တိုင်းနီးပါး အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတယ်။"

ဂျိုင်းတံတားဘက်မှာလည်းစစ်ကောင်စီဘက်က တပ်အင်အားတွေ တိုးချထားသလို မြဝတီမြို့ဘက်ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး စစ်ပြင်ဆင်တာ ၉ လနီးပါးရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအနေနဲ့ ဒေါနတောင်တဝိုက်ကနေ မြဝတီကို တက်မလာနိုင်သေးဘူးလို့လည်း ပူးပေါင်းတပ်တွေဘက်ကပြောပါတယ်။

"သိမ်းနိုင်တဲ့အခြေအနေရှိလားဆိုတော့ သူတို့က တပ်အင်အားတွေ ထပ်ခါထပ်ခါ ဖြည့်တင်းနေတယ်။ ဖြည့်သမျှ လန်ဆင်းသွားတယ်။ အောင်ဇေယျစစ်ဆင်ရေးကိုရုပ်သိမ်းပြီလို့ပြောလိုက်၊ ပြန်တက် လာလိုက်နဲ့ အင်အားဖြည့်လိုက်နဲ့။ ဒါပေမယ့် ဒေါနတောင်တဝိုက်ကနေ ကျော်လာလို့မရသေးဘူး။ ဒီနေ့ အချိန်ထိပေါ့။"

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီး ဖွင့်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစပြီး အရပ်သားခရီးသွားတွေကိုပါ သွားလာခွင့်မပြုဘဲ ပိတ်ထားခဲ့တာပါ။ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ ဟာ စစ်တပ်အာဏာ သိမ်းပြီးနောက် တိုက်ပွဲတွေပြန်ဖြစ်လာသလို စစ်ရေးအရကော ကုန်သွယ်ရေးအရပါ အရေးပါတဲ့ အာရှလမ်းကိုလည်း KNU ဘက်ကလည်း ပိတ်ပင်ထားတာပါ။

စစ်ကောင်စီ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ စောမြင့်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ဟာ စက်တင်ဘာ ၉ရက်နေ့မှာ ဖားအံစစ်ကောင်စီရုံးမှာတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြသလိုကုန်သွယ်ရေးအတွက် အဓိက အရေးကြီးတဲ့ အာရှလမ်းပြန်ဖွင့်ရေး ကိစ္စတွေလည်းဆွေးနွေးခဲ့ကြတယ်လို့ နယ်စပ်ကုန်သွယ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။

ကရင်ပြည်နယ်ကစစ်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ နယ်စပ်ကိုထိန်းချုပ်နိုင်တဲ့ မြဝတီခရိုင်ထဲက နယ်မြေအများစုကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း အာရှလမ်းမကြီးကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ရေး အခက်ကြုံနေရဆဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေကြားမှာတော့ ဒေသခံပြည်သူတွေလည်း အာရှလမ်းမကြီးအနီးအနားကနေ ဘေးလွတ်ရာက သွားလာလှုပ်ရှားနေကြရပါတယ်။

Your browser doesn’t support HTML5

အာရှလမ်းမအနီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်