NDAA မိုင်းလားအဖွဲ့ဥက္ကဋ္ဌ စိုင်းလင်း ကွယ်လွန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း

ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ စိုင်းလင်း ကင်ဆာရောဂါနဲ့ မနေ့ ဩဂုတ်လ ၈ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ကင်ဆာရောဂါအတွက် တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆နှစ်အရွယ်ရှိနေပြီဖြစ်တဲ့သူ့ကို လာမယ့် ဩ ဂုတ် ၂၃ရက်နေ့မှာ ရိုးရာဓလေ့တွေအတိုင်း သင်္ဂြိလ်ဖို့ စီစဉ်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲသတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA မိုင်းလားအဖွဲ့ကို တည်ထောင်ခဲ့သူတဦးဖြစ်တဲ့ စိုင်းလင်းဟာ အဆုတ် ကင်ဆာ ဝေဒနာကို နှစ်ရှည်ခံစားခဲ့ရသူပါ။ အဲဒီ ရောဂါကို နှစ်အတော်ကြာ ဆေးကုသမှုတွေ ပြုလုပ်နေစဉ် ဒီလအစောပိုင်းမှာဘဲ အဆုတ်တခြမ်း ယောင်ယမ်းတာကြောင့် တရုတ်နိုင်ငံမှာ ဆေးကုသမှု ခံယူနေချိန် အခုလိုဆုံးပါးခဲ့တာဖြစ်တယ်လို့ NDAA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဗွီအိုအေကို ပြောပြပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ကျော်၊၂၃နှစ်ကျော်က ကင်ဆာနဲ့ အဆုတ် တခြမ်းခွဲထားတယ်။ အဆုတ်တခြမ်းဘဲကျန်တာ။ ဒီတခေါက်ဆေးရုံမှာကုတယ်။ ကျန်အဆုတ်က နည်းနည်းယောင်တယ်။ ကုရင်းနည်းနည်းကောင်းလာပြီး ကုရင်းနောက်ပိုင်း ဆေးပြောင်းတယ်။ ဆေးပြောင်းတာ ပိုကောင်းမယ်ထင်ပြီးလုပ်တာ၊ အဲဆေးနဲ့ ဘယ်လိုဖြစ်လဲမသိဘူး ၃ရက်နဲ့ ခံနိုင်ရည်ကျလာတယ်။ ဒီလိုနဲ့ ကွယ်လွန်သွားတာ။ ကျနော်တို့ ၂၃ရက် နေ့ ဒီလ ၂၃ရက်နေ့လုပ်မယ်။ အသုဘအခမ်းအနား မိုင်းလားမှာ လုပ်မယ်။”

SEE ALSO: ရှမ်းအရှေ့ပိုင်း မိုင်းယောင်းကို ဝင်ရောက်တိုက်ခိုက်ခြင်းမှုမရှိကြောင်း မိုင်းလားအဖွဲ့ပြော


စိုင်းလင်းဟာ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ သမီးဖြစ်သူ နန်းရင် နဲ့ လက်ထပ်ထားတာကြောင့် ဖုန်ကြားရှင် ရဲ့ သားမက်ဖြစ်ပါတယ်။ မိုင်းလားမှာကျင်းပမယ့် စိုင်းလင်းရဲ့ နာရေးကို ဖုန်ကြားရှင်ရဲ့သား MNDAA စစ်ဦးစီးချုပ် ဖုန်တာ့ရွှင် တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မိုင်းလား ပြောရေးဆိုခွင့်ရှိသူကတော့ အားလုံးကို ဖိတ်ကြားထားကြောင်းသာ ပြောပါတယ်။

ကွယ်လွန်သွားတဲ့ စိုင်းလင်းနေရာကို သားဖြစ်သူ မိုင်းလား ဒုဥက္ကဋ္ဌလည်းဖြစ်၊ စစ်ဦးစီးချုပ်လဲဖြစ်တဲ့ ထိန်လင်းက တာဝန်ယူသွားမှာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကပြောပါတယ်။ မိုင်းလား ရပ်တည်ချက်အနေနဲ့ ဦးစိုင်းလင်း ချမှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လက် ကိုင်ဆွဲ ရပ်တည်မှာဖြစ်တယ်လို့ သူက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“သူကတော့ကွယ်လွန်သွားပေမယ့် သူလုပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးလမ်းစဉ်က ကျနော်တို့ ဆက်ချီ တက်သွားမယ်။ မြန်မာ-တရုတ်နယ်စပ်မှာ တည်ငြိမ် အေးချမ်းရေး ဆက်ထိန်းသိမ်းသွားမယ်။ မူးယစ်ဆေး ပပျောက်ရေး ကျနော်တို့ လုပ်သွားမယ်။ နောက် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဆက်ကြိုးစားသွားမယ်။ ကျနော်တို့မျှော်လင့်တာတော့ မြန်မာပြည်က ကောင်းတဲ့ထဲလာအောင် ပြည်သူလူထု ဒုက္ခလက်ထဲ မရောက်အောင် အဲလို မျှော်မှန်းထားတယ်။”

စိုင်းလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတစ်ဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ်အတွင်း ကိုးကန့်နဲ့ ဝ တပ်ဖွဲ့တို့နည်းတူ ဗကပ ကနေ ခွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ကို တည်ထောင်ခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။ နောက်ပိုင်း မိုင်းလားကို အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ပြီး စစ်တပ် နဲ့ အပစ်ရပ်တာ ၃၅ နှစ်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ကွယ်လွန်သွားတဲ့ မိုင်းလားဥက္ကဋ္ဌ စိုင်းလင်းဟာ မိုင်းလားအတွက် အဖိုးတန်တဲ့ လူတဦးဖြစ်ပြီး မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့သူ ဖြစ်တာမို့ သူသေဆုံးတာက မိုင်းလားပြည်သူတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့ မှတ်ချက် ပေးပါတယ်။

“ဦးစိုင်းလင်း ကွယ်လွန်သွားတဲ့ကိစ္စကတော့ မိုင်းလားအဖွဲ့ မိုင်းလားဒေသအတွက်တော့ ကြီးမားတဲ့ ဆုံး ရှုံးမှုလို့ ပြောရမှာဘဲ။ မိုင်းလားဒေသ ခုလို ငြိမ်းချမ်းရေးရတာ၊ ဖွံဖြိုးတိုးတက်စေတာတွေက ဦးစိုင်းလင်း ခေါင်းဆောင်မှုအောက်မှာ ဖြစ်လာတာ ဖြစ်ပါတယ်။ ရှမ်းနဲ့ အခါ ညီညွှတ်ရေးက မိုင်းလားအတွက် အရေးကြီးတယ်လေ။ ရှမ်းနဲ့ အခါ တိုင်းရင်းသားတွေကြား ညီညွှတ်အောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်၊ ဒေသတွင်းမှာလဲ စစ်ရေးနိုင်ငံရေးဩဇာကြီးတဲ့သူ မိုင်းလား ပြည်သူတွေအတွက်တော့ ဒါကတော့ ကြေကွဲစရာကောင်းတဲ့ ကိစ္စပါဘဲ။”

လက်ရှိမှာတော့ ကွယ်လွန်သွားတဲ့ NDAA ဥက္ကဋ္ဌ စိုင်းလင်း ရုပ်ကလာပ်ကို တရုတ်နိုင်ငံကနေ မိုင်းလား မြို့ကို ပြန်လည်သယ်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

NDAA မိုင်းလားအဖွဲ့ဥက္ကဋ္ဌ စိုင်းလင်း ကွယ်လွန်