တရားရုံးချုပ်တရားသူကြီး လျာထားခံရသူ Gorsuch အပေါ်လွှတ်တော်ကြားနာမှုစတင်

တရားရုံးချုပ်တရားသူကြီး လျာထားခံရသူ Gorsuch

အမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတ Donald Trump က အမည်တင်သွင်းထားတဲ့ Colorado ပြည်နယ်ရဲ့ ဗဟိုအစိုးရ အယူခံတရားရုံး တရားသူကြီး Neil Gorsuch က ဥပဒေရေးရာမှာ လုပ်ပိုင်ခွင့် ပိုမိုရရှိဖို့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း ထွက်ဆိုလိုက်ခြင်းအားဖြင့် သူ့ရဲ့ ရှေးရိုးစွဲ အယူအဆတွေဘက် ယိမ်းတဲ့ ခံယူချက်တွေကို သူ့ကို ရာထူးခန့်ထားရေး တနင်္လာနေ့က ကျင်းပတဲ့ အထက်လွှတ်တော် ကော်မရှင် ပထမနေ့ ကြားနာပွဲမှာ သိသာစေခဲ့ပါတယ်။ သူ့ကို ရာထူးခန့်အပ်ရေးနဲ့ ပတ်သက်လို့ လွှတ်တော် ကော်မရှင်မှာ ဒီမိုကရက်နဲ့ Republican တို့ သဘောထား သိသိသာသာ ကွဲနေကြတာ ဖြစ်ပါတယ်။

ဥပဒေအသစ်တွေကို ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေကသာ ချမှတ် ပြဌာန်းရမှာ ဖြစ်ကြောင်း၊ တကယ်လို့ ဥပဒေကို တရားသူကြီးတွေက ဥပဒေအတိုင်း မထုတ်ပြန်ပဲ၊ သူတို့လိုချင်တဲ့အတိုင်း သတ်မှတ် ပြဌာန်းမယ့် လျို့ဝှက် လွှတ်တော်အမတ်တွေ ဖြစ်ခဲ့မယ်ဆိုရင်၊ လူထုက တင်မြောက်တဲ့အစိုးရ၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရဆိုတဲ့ အခြေခံအယူအဆအတွက် အန္တရာယ် ရှိနိုင်ကြောင်း Gorsuch က ထွက်ဆိုခဲ့ပါတယ်။

အထက်လွှတ်တော် တရားဥပဒေရေးရာကော်မီတီဝင် Republican အမတ်တွေကတော့ တရားစီရင်ရေးမှာ ရှေးရိုးစွဲ အယူအဆရှိတဲ့ Gorsuch ရဲ့ အမြင်တွေကို ချီးကျူး ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီမိုကရက် ပါတီက ကော်မီတီဝင်တွေကတော့ နိုင်ငံတော် တရားရုံးချုပ်အနေနဲ့ စီးပွားရေး ကုမ္ပဏီကြီးတွေဘက်ကနေ ရပ်တည်သွားမယ်ဆိုတဲ့ သူတို့ရဲ့ အမြင်သဘောထားတွေကို ခိုင်မာ သွားစေတယ်ဆိုပြီး သူုတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော် ပြောဆိုကြပါတယ်။

အထက်လွှတ်တော် ကော်မီတီမှာ Gorsuch အနေနဲ့ အနည်းဆုံး ၂ ရက်ကြာ စစ်ဆေးခံရမှာဖြစ်ပြီး သူ့ကို အထက်လွှတ်တော်ပြည့်က အမည်တင်သွင်းမှု အတည်ပြုနိုင်ဖို့ နောက်ပိုင်း ကော်မီတီက မဲခွဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

လွှတ်တော်ပြည့်ကို တင်သွင်းနိုင်ဖို့ ထောက်ခံမဲ ၃ ပုံ ၊ ၅ ပုံ ရရှိဖို့ လိုအပ်တာကြောင့် အထက်လွှတ်တော် ကော်မီတီမှာ Republican တို့က ၂ မဲ အသာရနေပြီး ဖြစ်တဲ့အတွက် ဒီမိုကရက်တွေဘက်က ထောက်ခံမဲ ၈ မဲရဖို့ လိုအပ်ပါတယ်။

Your browser doesn’t support HTML5

တရားရုံးချုပ်တရားသူကြီး လျာထားခံရသူ Gorsuch အပေါ်လွှတ်တော်ကြားနာမှုစတင်