"သေချာတဲ့အခြေအနေတခုအထိ ဆီးရီးယားနယ်စပ် စစ်မဲ့ဇုံကို ထိန်းချုပ်ထားမည်" အစ္စရေးဝန်ကြီးချုပ်

အစ္စရေး-ဆီးရီးယား နယ်စပ်ရှိ ကြားခံနယ်မြေမှာတွေ့ရတဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu (ဒီဇင်ဘာ ၁၇၊ ၂၀၂၄)

အစ္စရေး ရဲ့ လုံခြုံရေးကို အာမခံနိုင်တဲ့ နောက်ထပ် အစီအစဥ်တခု ရှိလာတဲ့တိုင်အောင် ဆီးရီးယား နယ်စပ်ရှိ ကြားခံနယ်မြေမှာ အစ္စရေးတပ်တွေ ဆက်လက်ရှိနေမယ်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။ အဲဒီ ဆီးရီးယား နိုင်ငံအတွင်းက စစ်မဲ့ ကြားခံနေရာကို အစ္စရေး ဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီး Israel Katz နဲ့ အင်္ဂါနေ့က ရောက်ရှိသွားခဲ့ပြီး အဲဒီဒေသ အမြင့်ဆုံးတောင် Mount Hermon ကနေ နေသန်ယာဟု က အခုလို ပြောလိုက်တာပါ။

အဲဒီနေရာက အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ရှိတဲ့ နယ်စပ်ကနေ ဆီးရီးယား နိုင်ငံအတွင်း ၆ မိုင် ဒါမှမဟုတ် ၁၀ ကီလိုမီတာမှာ ရှိပါတယ်။ နေသန်ယာဟု ဟာ ဆီးရီးယား နိုင်ငံအတွင်း အဲဒီလောက် အကွာအဝေးထိ ခြေချလိုက်တဲ့ ပထမဆုံးသော အစ္စရေး ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။

ကြားခံဒေသကို ဖန်တီးထားတဲ့ သဘောတူညီချက်ကို လေးစားဖို့လိုကြောင်း၊ တပတ်ကြာကြာ၊ တလကြာကြာ၊ တနှစ်ကြာကြာ သိမ်းပိုက်တာ ဟာ သိမ်းပိုက်တာပဲ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က အင်္ဂါနေ့က ပြောပါတယ်။ ဆီးရီးယား နဲ့ အစ္စရေး သိမ်းပိုက် ဂိုလန်ကုန်းမြင့်အကြား ကြားခံဇုံကို ၁၉၇၃ ခုနှစ် အရှေ့အလယ်ပိုင်းစစ် အပြီးမှာ ကုလသမဂ္ဂက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယား လွတ်မြောက်ရေး အဖွဲ့ (HTS) ကတော့ မှတ်ချက် မပေးသေးပါဘူး။

Your browser doesn’t support HTML5

"သေချာတဲ့အခြေအနေတခုအထိ ဆီးရီးယားနယ်စပ် စစ်မဲ့ဇုံကို ထိန်းချုပ်ထားမည်" အစ္စရေးဝန်ကြီးချုပ်