အမေရိကန်ရွေးကောက်ပွဲ ဆိုက်ဘာနှောက်ယှက်မယ့် အန္တရာယ် အစီရင်ခံစာထုတ်ပြန်

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်က Microsoft ရုံးအဆောက်အဦတခုကိုတွေ့ရစဉ် (မေ ၂၅၊ ၂၀၂၄)

မကြာခင်ကျင်းပတော့မယ့် အမေရိကန်ရွေးကောက်ပွဲမှာ မဲန္ဒရှင်တွေ ဆုံးဖြတ်ချက်ဝေဝါးအောင်လုပ်ပြီး ရလဒ်တွေ ပြောင်းလဲသွားအောင် တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေက တွန်းတွန်းတိုက်တိုက်လုပ်နေတဲ့ အထောက်အထားသစ်တွေ ထွက်လာပါတယ်။ Microsoft နည်းပညာကုမ္ပဏီကြီးနဲ့ Recorded Future ဆိုတဲ့ ဆိုင်ဘာလုံခြုံရေးလုပ်ငန်း ၂ က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ကြတဲ့ ဆိုင်ဘာအန္တရာယ် သုံးသပ်ချက် အစီရင်ခံစာ ၂ ခုမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲရလဒ်တွေ အပြောင်းအလဲဖြစ်အောင် နိုင်ငံခြားကနေကြိုးပမ်းမှုတွေ ပိုများလာတယ်လို့ ဖော်ပြထားကြပါတယ်။

ဒီမိုကရက်သမ္မတလောင်း Kamala Harris ကိုထိခိုက်စေတဲ့ လုပ်ကြုံဗီဒီယို‌အတုတွေကို ရုရှားနဲ့ဆက်နွယ်တဲ့ အွန်လိုင်းလှုပ်ရှားသူတွေက ၂ ဆပို ဖြန့်နေသလို တရုတ်နဲ့ဆက်နွယ်တဲ့ အဖွဲ့တွေကတော့ တရုတ်ကို ဝေဖန်တဲ့ Republican လွှတ်တော်အမတ်တွေကို အဓိကထား တိုက်ခိုက်နေတာတွေ့ရတယ်လို့ Microsoft ကုမ္ပဏီရဲ့ ခြိမ်းခြောက်ရန် အန္တရာယ်သုံးသပ်ရေး MTAC ဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ တုန်းက အမေရိကန်မဲဆန္ဒရှင်တွေ အနှောင့်အယှက်ဖြစ်အောင် အီးမေးလ်တွေ ပို့ခဲ့ပုံရတဲ့ အီရန်နဲ့ဆက်နွယ်တဲ့ အဖွဲ့တွေကလည်း အခုအခါ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ ဝဘ်ဆိုဒ်တွေ၊ သတင်းဌာနကြီးတွေကို လေ့လာစောင့်ကြည့်နေတာကြောင့် ဒီနှစ်ရွေးကောက်ပွဲမှာလည်း ၂၀၂၀ ရွေးကောက်ပွဲတုန်းကလို အနှောင့်အယှက်ပေးဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ Microsoft ကုမ္ပဏီကြီးက ပြောပါတယ်။

Microsoft အစီရင်ခံစာထဲမှာ စွပ်စွဲထားချက်တွေကို ဝါရှင်တန်က တရုတ်သံရုံးက ပယ်ချခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အမေရိကန်ပြည်တွင်းရေးသာဖြစ်ပြီး ခုလို တရုတ်အပေါ် စွပ်စွဲချက်တွေအပေါ် တရုတ်က ပြတ်ပြတ်သားသားကန့်ကွက်တယ်လို့ သံရုံးပြောခွင့်ရ Liu Pengyu က VOA ကိုဗုဒ္ဓဟူးနေ့က တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ဆက်စပ်နေတဲ့ ဆိုင်ဘာအုပ်စုတွေရဲ့ လုပ်ကြံဖော်ပြတိုက်ခိုက်ခံရတဲ့ လွှတ်တော်အမတ်တွေထဲမှာ တယောက်ပါတဲ့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဒုဥက္ကဋ္ဌ Marco Rubio က ရွေးကောက်ပွဲအပေါ် လွှမ်းမိုးနိုင်အောင် တရုတ်ရဲ့လုပ်ရပ်တွေကို အင်မတန် အလေးထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ရွေးကောက်ပွဲ ဆိုက်ဘာနှောက်ယှက်မယ့် အန္တရာယ် အစီရင်ခံစာထုတ်ပြန်