စစ်ကောင်စီဖွဲ့တဲ့ မီဒီယာကောင်စီ အပြောင်းအလဲ

သတင်းမီဒီယာတွေနဲ့တွေ့ဆုံနေတဲ့ စစ်ကောင်စီခေါင်းဆောင် (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

စစ်ကောင်စီက မကြာသေးခင်က သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့ အဖွဲ့ဝင် ၂၅ ဦးမှာ စစ်တပ်နဲ့ ဆက်နွယ်သူတွေ၊ စစ်အရာရှိဟောင်းတွေဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေပါဝင်တာမို့ စစ်ကောင်စီ အကျိုးစီးပွားကို အလေးပေးလာမလားဆိုပြီး ပြည်တွင်း ပြည်ပ မီဒီယာ သမားတွေက စိုးရိမ်ကြပါတယ်။ ရန်ကုန်က စုစည်းတင်ပြထားတာကို ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က အဖွဲ့ဝင် ၂၅ ဦးပါတဲ့ သတင်းမီဒီယာကောင်စီကို စစ်ကောင်စီက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ဒေါက်တာတင်ထွန်းဦး၊ ဒုဥက္ကဋ္ဌ (၁) ဦးခင်မောင်ဇော်နဲ့ ဒုဥက္ကဋ္ဌ (၂) ဦးကျော်ဒင်၊ အတွင်းရေးမှူး ဦးအေးချမ်း တို့ပါဝင်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဥက္ကဋ္ဌ ဖြစ်သူဟာမီဒီယာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပေမဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တဦးဖြစ်ကာ လက်ရှိမှာလည်း ပါတီဝင်တဦးဖြစ်ပါတယ်။

အတွင်းရေးမှူး ဦးအေးချမ်းဟာလည်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး စိုးသိန်းရဲ့သား ဖြစ်ပါတယ်။ Myanmar Insider စီးပွားရေးဂျာနယ်ထုတ်ဝေသူတဦးဖြစ်ပါတယ်။ နောက်ထပ် အဖွဲ့ဝင်တွေ တော်တော်များများကလည်း စစ်ကောင်စီ နဲ့ပတ်သတ်သူတွေ ဖြစ်နေပါတယ်။

ဒီလိုမျိုး စစ်ကောင်စီ စစ်တပ်နဲ့ ဆက်နွှယ်နေသူတွေ၊ စစ်အရာရှိ ဟောင်းတွေ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ ပါဝင်နေတဲ့ အဖွဲ့ဖြစ်တာမို့ သတင်းစာလွတ်လပ်ခွင့်က မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဝေဖန်ထောက်ပြပါတယ်။

“အခုအသစ်ပြန်ဖွဲ့တဲ့ရည်ရွယ်ချက်ကိုက စစ်ကောင်စီယန္တရား ပိုခိုင်အောင် မီဒီယာဘက်က လုပ်မှာပါ။ စစ်ကောင်စီက မီဒီယာကို လက်နက်လို သုံးနေတယ်။ တရားဝင်ဖွဲ့ထားတာကို Public Relation နဲ့ Psychological Warfare သဘောပေါ့ဗျာ။ ဆိုက်ဝါးအောက်ကနေ တရားဝင် ကြေညာပြီးပြန်ဖွဲ့တာပါ။ အဲဒါကြောင့် အရင် လွတ်လပ်တဲ့ မီဒီယာကောင်စီကလူတွေ နုတ်ထွက်သွားပြီးပါပြီ။ အခု အသစ်ဖွဲ့တာမှာလည်း လူတွေကကော မီဒီယာအရည်အသွေးမြှင့်ဖို့၊ မီဒီယာသမားတွေ ကာကွယ်ဖို့ မဟုတ်ပါဘူး။ စစ်ကောင်စီအတွက် One version of the truth ပေါ့ စစ်တပ် အမှန်တရားကိုသာ အားကောင်းအောင် လုပ်ပေးတဲ့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ကိုယ်စားလဲမပြုပါဘူး။ မီဒီယာ လွတ်လပ်ခွင့်အတွက် လုပ်ပေးနိုင်မယ်လို့လဲ မမျှော်လင့်ပါဘူးခင်ဗျ။”

လက်ရှိ ပြန်ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီကတော့ အသက်ဝင်တာ မရှိသေးဘူးလို့ အဲဒီ ကောင်စီ ဥက္ကဋ္ဌဖြစ်သူက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။ တာဝန်တွေ လွှဲပြောင်းယူပြီးမှ ကောင်စီအနေနဲ့ ဘာတွေလုပ်သွားမလဲဆိုတာ ဖြေကြားပါမယ်လို့ ပြောဆိုထာပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ သတင်းမီဒီယာကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို ပြန်ဖွဲ့ပြီး သက်တမ်း ၃ နှစ်ကျော်အကြာမှာ အခုလိုပြန်အသစ်ဖွဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းချိန်မှာ သတင်း မီဒီယာသမား တော်တော်များများဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြပြီး ဆန့်ကျင်သူတွေထဲက တချို့ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့တာမို့ သတင်းသမား တော်တော်များများ နိုင်ငံပြင်ပကို ထွက်ပြေးခဲ့ရပါတယ်။ တချို့ သတင်းသမားတွေလည်း အလုပ်လုပ်နေတဲ့ သတင်းမီဒီယာတိုက်တွေကို စစ်ကောင်စီက ဖိအားပေး ပိတ်သိမ်းလိုက်တာမို့ အလုပ်နားခဲ့ရသူတွေလည်း ရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးနောက် ရာနဲ့ချီတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာတွေနဲ့ သတင်းဌာနတွေကို ပိတ်ပင်တာတွေ၊ သတင်းသမားတွေကို သတ်ဖြတ်တာအပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေကို နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်းသတင်းဌာန အတော်များများ လိုင်စင် ပိတ်သိမ်းခံခဲ့ရပါတယ်။ ပြည်တွင်း သတင်းဌာနတချို့ ပိတ်သိမ်းကြသလို တချို့သော လက်ချိုးရေတွက်လို့ရတဲ့ သတင်းဌာနအချို့ ကတော့ နိုင်ငံရေး အခင်းအကျင်းသစ်မှာ လုပ်ငန်းရေရှည် ရပ်တည်ရေးအတွက် အခက်အခဲတွေကြားက ရှင်သန်နေရပါတယ်။ အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၅၀ ကျော် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်။ သတင်းသမား ၇ ဦး ဒီကာလအတွင်း သတ်ဖြတ်ခံထားရပါတယ်။ ပြည်တွင်းမှာ အန္တရာယ်ကြားမှာ အလုပ်လုပ်နေသူတွေ၊ စစ်ပွဲတွေမှာ အသက်စွန့် သတင်းရယူနေသူတွေ ရှိနေပါသေးတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒီလိုပြန်ဖွဲ့စည်းတာ ဒါနဲ့ဆို ၂ခါရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကနဦး ဖွဲ့စည်းတာမှာလည်း သတင်းမီဒီယာသမား နည်းသလို စစ်ကောင်စီ အလိုကျသာ လုပ်ကိုင်သွားပြီး အာဏာသိမ်းတာ ဆန့်ကျင်တဲ့ သတင်းသမားတွေကို ဖမ်းဆီးအရေးယူတာ မှာ သတင်းရေးသားမိလို့ အရေးယူတာမှာ မီဒီယာဥပဒေနဲ့ အရေးမယူဘဲ တခြား အကြမ်းဖက်ပုဒ်မ၊ နိုင်ငံရေးပုဒ်မတွေနဲ့သာ အရေးယူတဲ့ လုပ်ဆောင်ချက်တွေကို မျက်ကွယ်ပြုခဲ့သလို ပြည်တွင်း သတင်းသမားတွေကို စစ်ကောင်စီ အလိုကျ ဖိနှိပ်တာတွေသာ လုပ်ခဲ့ကြောင်း၊ အခုထပ်မံဖွဲ့စည်းတာမှာလည်း စစ်ကောင်စီနဲ့ နီးစပ်သူတွေသာ ပါတာမို့ ရှေ့ကအဖွဲနည်းတူ စစ်ကောင်စီ အလိုကျသာ လုပ်ကိုင်သွားဖွယ် ရှိတယ်လို့ ပြည်တွင်းနေ သတင်းသမားတဦးက ပြောပါတယ်။ စစ်မှန်တဲ့ ဘက်မလိုက်တဲ့ သတင်းသမားတွေ မပါတဲ့အဖွဲ့ ဖြစ်တာကြောင့် ယုံကြည်ဖို့ ခက်ခဲတယ်လို့ ပြည်တွင်း သတင်းသမား တဦးက ပြောပါတယ်။

“ ၂၀၂၁ ကနေ ၂၀၂၄အထိ စစ်ကောင်စီ လက်အောက်မှာ ကောင်စီတခုက ရှိခဲ့ပြီးသွားပြီ။ အဲဒီကောင်စီတုန်းကလည်း ဘာလုပ်နိုင်လဲ ပြန်ကြည့်ရင် ဘာမှ ပီပီပြင်ပြင် ထိန်းကျောင်းလုပ်နိုင်တာ မရှိခဲ့ဘူး။ အခု ဒီကောင်စီကလည်း အရုပ်ကောင်စီဘဲ။ စစ်ကောင်စီ ဝါဒဖြန့်ချိရေးရယ်၊ လော်ဘီ လုပ်ဖို့တွေရယ်၊ စတိတ်မန့်ထုတ်ဆို ထုတ်ပေးလိုက်ရတဲ့ အဆင့်ဘဲရှိတာ။ ခုဖွဲ့လိုက်တာလည်း ကျနော်တို့ သတင်းမီဒီယာနဲ့ သတင်းမီဒီယာ သမားတွေကို ဘာမှလုပ်ပေးနိုင်စရာမရှိဘူး။ စစ်ကောင်စီ ခိုင်းတာကို လုပ်ပေးနေရတဲ့ အဆင့်ဘဲ ရှိတဲ့အတွက် ဘာမှယုံနိုင်စရာမရှိပါဘူး။ ”

စစ်ကောင်စီက ဖွဲ့စည်းထားလိုက်တဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာ သမားတွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ယန္တရားကို ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းအမှား ဖြန့်ချိရေး ဆောင်ရွက်ဖို့အတွက်သာ ဖြစ်တယ်လို့ သတင်းမီဒီယာအဖွဲ့တွေက ထုတ်ပြန်ချက်တွေထုတ်ကာကန့်ကွက်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ CPJ ခေါ် သတင်းသမားများ ကာကွယ်ရေး အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း သတင်းသမား အများဆုံး အဖမ်းခံရတဲ့ နိုင်ငံဟာ တရုတ်ဖြစ်ပြီး မြန်မာက ဒုတိယအများဆုံး ဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ ဆိုရင်လည်း စစ်ကောင်စီ အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး ကမ္ဘာတလွှား နိုင်ငံပေါင်း ၁၈၀ အနက် သတင်း လွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီဖွဲ့တဲ့ မီဒီယာကောင်စီ အပြောင်းအလဲ