မကြာခင် ၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန် ၂၀၂၅ မှာ အများပြည်သူ မျှော်လင့်တောင့်တတဲ့ ဆန္ဒတွေပြည့်ပါစေကြောင်း အလွှာအသီးသီးက ဆုတောင်း ပေးကြပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၀၂၄ ခုနှစ်ဟာ စစ်ရေးပဋိပက္ခတွေ၊ မွန်းကြပ်ခက်ခဲမှုတွေ၊ ဖိနှိပ်ခံရမှုတွေ နဲ့ ဆိုးဝါးတဲ့ သဘာဝဘေးတွေ နဲ့ ကြုံတွေ့ခဲ့ရတဲ့နှစ်တခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ငွေကြေး ဆင်းရဲကြပ်တည်းမှု၊ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုတွေအပြင် စစ်မှုထမ်းရတဲ့ အဖြစ်ကိုပါ ထပ်ဆောင်းခံနေရတာပါ။ လာမယ့် ၂၀၂၅ နှစ်သစ်မှာတော့ ဒီဒဏ်တွေကင်းဝေးဖို့ အလွှာအသီးသီးက သူတွေက မျှော်လင့်နေကြတာပါ။ အခက်အခဲကြားထဲက ရှင်သန်နေရတဲ့ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေ နှစ်သစ် ၂၀၂၅ မှာ ဘာတွေ မျှော်လင့်ဆုတောင်းကြပါလဲ။ ဒီအကြောင်း ရန်ကုန်ကနေ စုစည်းတင်ပြပေးထားပါတယ်။
မကြာခင်အချိန်ပိုင်းမှာပဲ ၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းပါတော့မယ်။ ၂၀၂၅ ခုနှစ်ထဲမှာ ပြည်သူအများ မျှော်လင့်မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင် ပါစေကြောင်း ဆုတောင်းပေးတဲ့ သံဃာတော်ကတော့ သာသနဓဇ ဓမ္မာစရိယ စာချဆရာတော် အရှင်ဦးပညိန္ဒ ဖြစ်ပါတယ်။
"၂၀၂၅ အတွက် ဦးဇင်းတို့မျှော်လင့်ချက်က စစ်အာဏာရှင်ဆိုးကြီး အပြီးသတ် ချုပ်ငြိမ်းပြီးတော့ တော်လှန်ရေးကြီး အပြီးသတ်ဖို့ မျှော်လင့်ပါတယ်။ အကောင်းဆုံးကို မျှော်လင့်တာပေါ့။ ပြည်သူတွေ၊ ဒကာဒယကာမတွေအတွက် ဆုတောင်းစကားကတော့ မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး အေးချမ်း သာယာရှိပါစေ။ ပြည်သူသာအဓိက ပြည်သူသာပဓာနမို့အချင်းချင်း ဖေးမကူညီပြီး အခက်အခဲ ဟူသမျှ ကျော်လွှားနိုင်ကြပါစေ၊ လွန်မြောက်နိုင်ကြပါစေ၊ လွတ်မြောက်နိုင်ကြပါစေ။ ပြည်သူအများ မျှော်လင့်ထားတဲ့၊ မျှော်မှန်းထားတဲ့ တန်းတူညီမျှ တရားမျှတ လွတ်လပ်ပြီး ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီး အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ။ ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ မေတ္တာတရား၊ အကြင်နာတရား ကိုယ်ချင်းစာတရားများ အကြားအလပ်မရှိ ထွန်းကားပါစေ၊ လူ ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးပါစေ။ သဘာဝကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ် တွေလည်း ကင်းဝေးပါစေ။ ကမ္ဘာလောကတခုလုံး ငြိမ်းချမ်းသာယာပြီး အစာရေစာပေါများ ကြွယ်ဝပါစေ။"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ဖြစ်လာနိုင်သလို စစ်ရေးပြင်းထန်မှုတွေနဲ့လည်း ကြုံရနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ၂၀၂၅ မှာ ပြည်သူတွေ ပြည်တော်ဝင်နိုင်ပါစေကြောင်းလည်း သူက ဆုတောင်းပါတယ်။
"၂၀၂၅ မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ပြီးတော့ နိုင်ငံရေးအရ ဖြေရှင်းရေးအလားလာ ပိုကောင်းလာတာ မဟုတ်ဘဲနဲ့ စစ်ရေး အရပြင်ဆင်မှုတွေ ပိုကြီးမား များပြားပြီးတော့ ပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေ ကြုံလာရမယ်လို့ ကျနော်ယူဆမိပါတယ်။ ၂၀၂၅ ဆုတောင်းကတော့ ပြည်သူတွေ ပြည်တော်ဝင်မယ့်နှစ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်မိပါတယ်။"
တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ စစ်အုပ်ချုပ်မှုအောက် နိုင်ငံတဝန်း အကျယ်ချုပ် အကျဉ်းချုပ်ကျနေသူ မြန်မာပြည်သူအားလုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းပါတယ်။
"၂၀၂၅က မြန်မာပြည်သူတွေ လွတ်မြောက်မယ့်နှစ်ဖြစ်မယ်လို့ ယုံကြည်ပြီးတော့ လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်နော်။"
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန် ပြည်တွင်းစစ်ကြီး ငြိမ်းစေချင်သူကတော့ ကိုသက်ဇင် (ယနေ့ခေတ် အယ်ဒီတာချုပ်)ရဲ့ ဆုတောင်း ဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေကော၊ ပြည်သူတွေကော အကုန်မျှော်လင့်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံး ရပါစေ။ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ကြီးတွေလည်း အမြန်ဆုံး ပြီးဆုံးပါစေ။ နောက်တခုကတော့ ပြီးခဲ့တဲ့နှစ်မှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးတွေ၊ ၂၀၂၄ မှာခံရတဲ့ သဘာဝဘေးတွေအကုန် ဒီနှစ်မှာ လွတ်မြောက်စေချင်ပါတယ်။ နောက်ပြည်သူတွေ တကယ် ရင်ဆိုင်နေရတဲ့ စီးပွားရေး လူမှုရေးဘဝ အခက်အခဲတွေလည်း အမြန်ဆုံး လွတ်မြောက်ပါစေလို့ ကျနော် ဆုတောင်းပေးချင်ပါတယ်။"
ဒေါက်တာအေးမောင် ကလည်း ၂၀၂၅ မှာ ပြည်တွင်းစစ်ကြီး ရပ်တန့်စေချင်သူပါ။ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကို တက်လှမ်းနိုင်ပါစေကြောင်း သူကလည်း ဆုတောင်းပါတယ်။
"၂၀၂၅ မှာတော့ဖြင့် ပြည်တွင်းစစ်ကြီး ရပ်စေချင်တာပေါ့။ နိုင်ငံရေးတည်ငြိမ်ပြီးမှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်စေချင်တာပေါ့။ နှစ်သစ်ကူးအနေနဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းက သမိုင်းတလျှောက်လုံးမှာ အချင်းချင်းသတ်ဖြတ်ကြတာတွေခုထိ အမြင့်ဆုံး အခြေအနေ ရောက်တာ ပေါ့ဗျာ။ နှစ်ဟောင်းက သင်ခန်းစာတွေကို ယူကြပြီးတော့ နှစ်သစ်ကို မျိူးဆက်သစ်တွေကို ဘယ်လို လက်ဆင့်ကမ်း ပေးအပ်နိုင်မလဲ ဆိုတာတခုကို အားလုံးသော ပါဝင်ပတ်သတ်သူတွေကို စဉ်းစားကြစေ ချင်တာပါဘဲ။ ငြိမ်းချမ်းတဲ့ အောင်မြင် ပေါက်မြောက်တဲ့ အနာဂါတ် မြန်မာနိုင်ငံဆီကိုသွားတဲ့ ခြေလှမ်းအစဖြစ်ပါစေလို့ ဆုတောင်းပါတယ်။"
ရန်ကုန်မြို့ခံ ပြည်သူတဦးဖြစ်တဲ့ လှိုင်သာယာက အမျိုးသမီးတဦးကတော့ စစ်အာဏာမသိမ်းခင်က အချိန်လို အရင်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေစေချင်သူပါ။
"ဖြစ်ချင်တာကတော့ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်အတိုင်းလေးပဲ ပြန်လိုချင်ပါတယ်။ ၂၀၂၀ ကလို ပုံစံမျိူးလေးပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လိုချင်ပါတယ်။ ၂၀၂၅ မှာတော့ မျှော်လင့်စရာ ဘာမှမရှိပါဘူး။"
မြန်မာပြည်သူအပေါင်းနဲ့ ဗွီအိုအေရဲ့သောတရှင်များအားလုံးကိုလည်း လာမယ့် ၂၀၂၅ ခုနှစ် နှစ်သစ်မှာ ဘေးကင်းလုံခြုံ ကျန်းမာချမ်းသာလို့ ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ဗွီအိုအေ ဝိုင်းတော်သူ ဝိုင်းတော်သားတွေကလည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Your browser doesn’t support HTML5