Your browser doesn’t support HTML5
ကလေးအလုပ်သမားနဲ့ ပတ်သက်တဲ့ ပညာပေးစာစောင် (၃) စောင်ကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ရန်ကုန်ဌာနခွဲက အောက်တိုဘာလ (၁၀) ရက်နေ့က ထုတ်ပြန်လိုက်ပါသည်။ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ ၊ အရပ်သားအသင်းအဖွဲ့နဲ့ အစိုးရပါဝင်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ အသက် (၁၈) နှစ် မပြည့်သူကို ကလေးအဖြစ် သတ်မှတ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ အသက် (၁၄) နှစ်နဲ့ (၁၆) နှစ်ကြားအရွယ်ကို ခြွင်းချက်နဲ့ ကန့်သတ်ထားပါတယ်။ ဒါကြောင့် (၁၄) နှစ် မပြည့်သူကိုခိုင်းရင် ထောင်ဒဏ်/ငွေဒဏ် ပေးရမယ်လို့ အလုပ်သမားဌာနက သတိပေးထားပါတယ်။
၂၀၁၄ လူဦးရေစာရင်းအရ (၁၀) နှစ်က (၁၇) နှစ်အရွယ် ကလေးသူငယ် (၁) သန်းခွဲ အလုပ်လုပ်နေကြောင်း သိရပါတယ်။ ဒီအထဲမှာ ယောကျ်ားလေး (၈) သိန်း နဲ့ မိန်းခလေး (၇) သိန်း ပါဝင်ပါတယ်။ ကလေး (၉) သိန်းကျော်ဟာ စိုက်ပျိုးရေးမှာ လုပ်ကိုင်ကြပြီး ကုန်ထုတ်လုပ်ငန်းမှာ တသိန်းခွဲ ရှိပါတယ်။ ရောင်းဝယ်ရေးမှာ တသိန်းကျော်ရှိပြီး ဆောက်လုပ်ရေးမှာ ရှစ်သောင်းကျော်၊ ဝန်ဆောင်လုပ်ငန်းမှာ ခုနှစ်သောင်းကျော် ရှိပါတယ်။ ကလေးငါးယောက်မှာ တယောက်ဟာ ကျောင်းမနေနိုင်ကြပါဘူး။
ကလေးအလုပ်သမားအခြေအနေကို Maplecroft အဖွဲ့က (၆၈) နိုင်ငံမှာ လေ့လာပြီး အန္တရာယ်ရှိမှု အတိုင်းအတာကို စီစစ်ပါတယ်။ ကလေးလုပ်သားအတွက် အန္တရာယ်အများဆုံး (၁၀) နိုင်ငံကို ရွေးထုတ်တဲ့အခါမှာ နံပတ် (၁) က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယက နံပတ် (၅)၊ မြန်မာနိုင်ငံက နံပတ် (၇)၊ ပါကစ္စတန်က နံပတ် (၉) ဖြစ်နေပါတယ်။ တရုတ်ပြည်ဟာအဆင့် (၁၃)၊ အင်ဒိုနီးရှားက (၁၈)၊ ဗိယက်နမ်က (၃၈) ဖြစ်ပါတယ်။ ဒါကြောင့် ကလေးလုပ်သားထက်ပိုပြီး အခြေအနေဆိုးတာဟာ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယပဲ ရှိပါတယ်။ အိန္ဒိယမှာ ကလေးလုပ်သား သန်း (၅၀) လောက် ရှိမယ်လို့ အမေရိကန်နိုင်ငံခြားဌာနက ခန့်မှန်းပါတယ်။ ဆင်းရဲသားဦးရေများတာကို ကလေးလုပ်သား အရေအတွက်က သက်သေပြနေပါတယ်။ မိသားစုတွေ စားဝတ်နေရေး ကျပ်တည်းတဲ့အတွက် ကလေးတွေ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။
ကလေးလုပ်သားကို မြန်မာပြည်မှာ ဘယ်လို သဘောထားတယ်ဆိုတာ လေ့လာတဲ့စာတမ်း Child Labor, Knowledge, Attitudes and Practices ကို ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က မနှစ်က ထုတ်ဝေပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နဲ့ မွန်ပြည်နယ်မှာ ကွင်းဆင်းလေ့လာပြီး ရေးသားထားတဲ့ စစ်တမ်း ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မိသားစုများလေ ကလေးလုပ်သားများလေလေ ဖြစ်နေပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းတာမျိုး မရှိသေးပါဘူး။ မိသားစုဆင်းရဲလို့ ကျောင်းမနေဘဲ ကလေးအလုပ်လုပ်တာကို လုပ်ရိုးလုပ်စဉ်သဘောနဲ့ လူ့အဖွဲ့အစည်းက လက်ခံထားတာဟာ ကလေးအလုပ်လုပ်တာကို သဘောတူသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကလေးရဲ့ရပိုင်ခွင့်ကို လူကြီးနားမလည်တဲ့အတွက် ကလေးအလုပ်လုပ်လို့ ဖြစ်ပေါ်လာမယ့် ရေတိုရေရှည်အန္တရာယ်ကို မသိကြတာလို့ ဆိုပါတယ်။
ဆင်းရဲတဲ့ မိဘကို ကူညီဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ကလေးတွေဘက်က ယူဆကြပါတယ်။ ကလေးလုပ်သားမရှိတဲ့ အသိုင်းအဝိုင်းက မိဘတွေဟာ ကလေးအလုပ်သမားတွေအကြောင်း ပိုသိတယ်လို့ ဆိုပါတယ်။ ချောင်းဆုံမြို့နယ်မှာသာ ဒေသခံအရပ်သားအဖွဲ့ရဲ့ ဆောင်ရွက်မှုကြောင့် ကလေးလုပ်သားရဲ့ မိဘတွေဟာ သူတို့သားသမီးရဲ့ အလုပ်ကို နားလည်ကြတယ်လို့ ILO စစ်တမ်းမှာ ဖော်ပြပါတယ်။ ယောကျ်ားလေးတွေဟာ အန္တရာယ်ရှိတဲ့နေရာမှာ အလုပ်လုပ်ကြပြီး မိန်းကလေးတွေကတော့ အိမ်တွင်းအလုပ်သမား လုပ်ကြတာဟာ ဆင်းရဲသားဓလေ့လို ဖြစ်လာပါတယ်။ မိသားစုဟာ ဖခင်ကို မှီခိုနေရပေမယ့် ဖခင်အလုပ်မရှိတဲ့အခါမှာ မိသားစုရပ်တည်ရေးအတွက် ကလေး,ကပါ အလုပ်လုပ်ရပါတယ်။ အလုပ်လုပ်ဖို့အတွက် ကလေးကိုယ်တိုင်က ဆုံးဖြတ်တာရှိသလို မိခင်က လုပ်ခိုင်းလို့ လုပ်ရတာလည်း ရှိပါတယ်။
ကလေးလုပ်သားတွေရဲ့ မိဘတွေဟာ ပညာမတတ်ကြတာ များပါတယ်။ မိဘရဲ့ ပညာအဆင့်အတန်းနဲ့ ကလေးအလုပ်သမား ဆက်စပ်နေတယ်လို့ ILO က ဆိုပါတယ်။ အလုပ်ရှင်ဘက်ကတော့ ကလေးကို အလုပ်ပေးတာဟာ ကလေးရဲ့ မိသားစုကို ကူညီရာ ရောက်တယ်လို့ မြင်ပါတယ်။ အလုပ်ရှင်ကို အရေးယူရင် ကလေးရဲ့ မိသားစုကို ဒုက္ခပေးသလို ဖြစ်နိုင်တယ်လို့ အလုပ်သမားဌာန ဝန်ထမ်းတွေကလည်း ယူဆတာမို့ ဥပဒေနဲ့ ဆန့်ကျင်ပေမယ့် ခွင့်ပြုထားတာလို့ ဆိုပါတယ်။ မိန်းခလေးနှစ်ဦးကို အိမ်အကူအဖြစ်ငှားပြီး ညှဉ်းပမ်းနှိပ်စက်တဲ့ ကျောက်တံတားမြို့နယ်က အင်းဝအပ်ချုပ်ဆိုင် ကျူးလွန်တဲ့ပြစ်မှုဟာ ကလေးအလုပ်သမားဘဝရဲ့ အကာအကွယ်ကင်းမဲ့မှုကို မီးမောင်းထိုးပြသလို ဖြစ်ပါတယ်။
ဒါကြောင့် ပြဌာန်းထားတဲ့ ကလေးလုပ်သားဥပဒေနဲ့ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတာတွေဟာ တခြားစီ ဖြစ်နေပါတယ်။ လူမှုစီးပွားရေးဘဝ အခြေအနေနဲ့ရော လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်နဲ့ရော ကွဲပြားခြားနားနေတဲ့ ဥပဒေကို အကောင်အထည်ဖော်လို့ရတဲ့ ဥပဒေမျိုးကို ပြဌာန်းဖို့ လိုတယ်လို့ ILO က ဆိုပါတယ်။ ရှေ့နှစ်နောက်ပိုင်းမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်မှာ ကွင်းဆင်းလေ့လာပြီး ကလေးလုပ်သား အခြေအနေနဲ့ ဒေသခံလူ့အဖွဲ့အစည်းရဲ့ သဘောထားကို မှတ်တမ်းတင်ဖို့ အစီအစဉ်ရှိကြောင်း ILO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။