နျူကလီးယားလက်နက်ပပျောက်ရေး Nihon Hidankyo အဖွဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရ

Nihon Hidankyo အဖွဲ့ပူးတွဲဥက္ကဋ္ဌ Toshiyuki Mimaki ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရစဉ် (အောက်တိုဘာ ၁၁၊ ၂၀၂၄)

၂၀၂၄ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုကို ဂျပန်နိုင်ငံက နျုကလီးယား လက်နက် ဆန့်ကျင်ရေး လှုပ်ရှားမှု အဖွဲ့ တခုဖြစ်တဲ့ Nihon Hidankyo အဖွဲ့က ရရှိသွားပါတယ်။ ကိုယ်တိုင် အဏုမြူဗုံးဒဏ်ကနေ လွတ်မြောက်ခဲ့ကြသူတွေကိုယ်တိုင် ကမ္ဘာမှာ နျူကလီးယားလက်နက် ပပျောက်အောင် ကြိုးပမ်းခဲ့ကြတာကို ဂုဏ်ပြုတာဖြစ်တယ်လို့ နော်ဝေ နိုဘယ်ကော်မတီရဲ့ ဥက္ကဋ္ဌ Jørgen Watne Frydnes ကပြောပါတယ်။

"Hiroshima နဲ့ Nagasaki မြို့ကြီးတွေကို အမေရိကန်က အဏုမြူဗုံးကြဲတိုက်ခိုက်ချိန်မှာ မသေပဲ အသက်ရှင်ကျန်ခဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Hibakusha အဖွဲ့က သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတွေကို သက်သေပြပြီး ကမ္ဘာကြီးမှာ နျူးကလီးယားလက်နက်တွေ မရှိတော့အောင်နဲ့ ဒီလက်နက်မျိုးတွေ နောက်ထပ် ဘယ်တော့မှ မသုံးကြတော့အောင် ကြိုးပမ်းခဲ့မှုအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုပေးတာဖြစ်တယ်" လို့ နော်ဝေး နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌက ပြောကြားသွားခဲ့တာပါ။

နာကျင်ထိခိုက်ခဲ့တဲ့ အဖြစ်ဆိုးကြီးကို ကြုံခဲ့ရပေမဲ့ ပင်ပင်ပန်းပန်း ရင်းနှီး ပေးဆပ်ခဲ့ရတဲ့ အတွေ့အကြုံကို အသုံးချပြီး မျှော်လင့်ချက်ကို တည်ဆောက်ခဲ့သူတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပူးပေါင်းပါဝင်ခဲ့ကြသူတွေ၊ အနုမြူဗုံးဒဏ်ကြား အသက်မသေဘဲ ကျန်ခဲ့သူ အားလုံးကို ဂုဏ်ပြုလိုက်တာ ဖြစ်တယ်လို့လည်း ဥက္ကဋ္ဌ Jørgen Watne Frydnes က ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းရာမှာ စံနမူနာထားရမယ့်သူတွေနဲ့ အဖွဲ့အစည်းတွေကို နိုဘယ်ငြိမ်းချမ်းရေးဆု ရွေးချယ်ချီးမြှင့်တာဖြစ်တယ်လို့လည် ဆုရွေးချယ်ရေး ကော်မတီက ကြေညာထား ပါတယ်။ မြောက်ကိုရီယား၊ အီရန်၊ ရုရှားတို့ရဲ့ နျူကလီးယားရန်တွေ စိုးရိမ်နေရချိန်မှာ အခုလို နျူကလီးယားလက်နက် ပပျောက်ရေးကြိုးပမ်းနေတဲ့ အဖွဲ့ကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးတာလည်းဖြစ်ပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုသမိုင်းမှာ ၁၉၀၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၅ ဦးဟာ ဆုပေးပွဲ အခမ်းအနားကို လူကိုယ်တိုင် တက်ရောက် ယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နည်းတူ ၁၉၃၅ ခုနှစ်တုန်းက ဂျာမန် သတင်းစာဆရာ Carl von Ossietzky (ကားလ် ဗွန် အိုစရက်စကီ) ၊ ၂၀၂၀ မှာ တရုတ်နိုင်ငံက အတိုက်အခံခေါင်းဆောင် Liu Xiaobo (လျုရှောင်ဘို) ၂၀၂၂ ခုနှစ်မှာ ဘီလာရုစ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ Ales Bialiatsk (အဲလက်စ် ဘီရာလရာစကီ) နဲ့ ၂၀၂၃ ခုနှစ်မှာ အီရန်နိုင်ငံက Narges Mohammadi (နာဂျတ်စ်မိုဟာမာဒီ) တို့ဟာ နိုဘယ်ဆု ချီးမြှင့်ခံရချိန်မှာ အာဏာပိုင်တွေရဲ့ အကျဉ်းချတာကို ခံထားရတာပါ။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေထဲမှာ အသက်အငယ်ဆုံး ဆုရှင်ကတော့ ပါကစ္စတန်နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Malala Yousafzai ဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာ ဆုချီးမြှင့်ခံခဲ့ရတာပါ။ ဓာတုဗေဒပညာရှင်၊ တီထွင်သူတစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ ဆွီဒင်နိုင်ငံသား အဲလ်ဖရက် နိုဘယ်ရဲ့ ဆန္ဒအရ သူချန်ရစ်ခဲ့တဲ့ အမွေတွေကို ၁၉၀၁ ခုနှစ်ကစပြီး နိုဘယ်ဆုတွေ ချီးမြှင့်တာဖြစ်ပါတယ်။