လက်နက်ထုတ်အဆင့် ယူရေနီယံစက်ရုံ မြောက်ကိုရီးယားပြသ

ယူရေနီယံစက်ရုံကို သွားရောက်ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် (စက်တင်ဘာ ၁၃။ ၂၀၂၄)

မြောက်ကိုရီးယားမှာ နျူကလီးယား လက်နက်လုပ်နိုင်တဲ့ အဆင့်အထိရှိတဲ့ ယူရေနီယံတွေထုတ်လုပ်နေတယ်ဆိုတာ လူသိရှင်ကြား ပြသလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က အရင်က လှို့ဝှက်ထားတဲ့ ယူရေနီယံထုတ် စက်ရုံကို ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ သွားရောက် ကြည့်ရှုပြီး နျူကလီးယားလက်နက်တွေ အတိုင်းအဆမရှိ တိုးမြင့် ထုတ်လုပ်နိုင်အောင် ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာမှာ ဖော်ပြပါတယ်။​ ဒါဟာ မြောက်ကိုရီးယားအနေနဲ့ လုံခြုံရေး အထူးတင်ကြပ်ထားတဲ့ နြူကလီးယား စက်ရုံကို ရှားရှားပါးပါး လူသိရှင်ကြား ပြသလိုက်တာလည်း ဖြစ်ပါတယ်။​

အခု ထုတ်ဖော် ပြသလိုက်တဲ့နေရာဟာ Yongbyon နျူကလီးယားစက်ရုံ ဟုတ်မဟုတ်ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် ၂၀၁၀ ခုနှစ်က အမေရိကန်ပညာရှင်တွေကို အဲဒီ Yongbyon နျူကလီးယားစက်ရုံကို ခေါ်ပြပြီးတဲ့နောက် အခုလို ထုတ်ဖော်ပြသတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မြောက်ကိုရီးယား မီဒီယာမှာ အခုလို ဖော်ပြတာဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို ဖိအားပေးဖို့ လုပ်ဆောင်တာလို့ ယူဆလို့ ရနိုင်ပေမယ့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဘယ်လောက်များများ ထုတ်နိုင်မလဲဆိုတဲ့ အတိုင်းအတာကို ပညာရှင်တွေက အခု ဖော်ပြတဲ့ ပုံတွေကိုကြည့်ပြီး ခန့်မှန်းလို့ ရနိုင်တယ်လို့ ဆိုပါတယ်။​

နျူကလီးယားလက်နက် တည်ဆောက်ရေးစက်ရုံကို ရောက်ရှိစဉ် နျူကလီးယားလက်နက် ထုတ်နိုင်တဲ့အထိ မြောက်ကိုရီးယားရဲ့ နည်းပညာတွေ တိုးတက် ကောင်းမွန်နေတဲ့အပေါ် ခေါင်းဆောင် Kim Jong Un က အကြိမ်ကြိမ် ချီးကျူး ပြောကြားခဲ့ကြောင်းလည်း အစိုးရပိုင် KCNA သတင်းမှာ ဖော်ပြပါတယ်။ Kim Jong Un အခုလို ယူရေနီယံ သန့်စင် ထုတ်လုပ်ရေးစက်ရုံကို သွားရောက်ခဲ့တာနဲ့ နျူကလီးယားလက်နက်တွေ တိုးမြှင့် ထုတ်လုပ်ဖို့ ပြောဆိုခဲ့တဲ့အပေါ် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြင်းထန်စွာ ဝေဖန် ရှုတ်ချလိုက်ပါတယ်။

Your browser doesn’t support HTML5

မြန်မာရေဘေးကူညီဖို့ အမေရိကန်အသင့်ရှိ