ညောင်လေးပင်ခရိုင် စစ်ကောင်စီဗုံးကြဲ (ဒေသခံများ)

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတဦး။ (Photo KNU)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်တွေမှာ စစ်ကောင်စီက ဒီကနေ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက် သေဆုံးတာတွေလည်း ရှိနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဖြူးကနေလာရင်တော့ အုတ်ဖြတ်ပေါ့။ အုတ်ဖြတ်ဆိုတာ စစ်တောင်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာပဲရှိတယ်။ အဲ့ဒီနားကရွာတွေ။ သမန်းကျင်းတို့၊ ကရင်ကျတို့ ရွာတွေဘက်မှာတော့ လေယာဉ်နဲ့ ဗုံးနဲ့လာကြဲတာပေါ့။ လေယာဉ်နဲ့ ဗုံးကို သုံးခါ လာကြဲတယ်။ ရွာက လူတွေကထိလား ဆိုရင်တော့ ထိတဲ့လူတွေလည်း ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ အနားကို သွားမရဲသေးဘူး။ ကရင်ကျရွာ အုတ်ဖြတ်ရွာ၊ သမန်းကျင်းရွာတို့ ဘက်မှာဖြစ်တာပါ။ အုတ်ဖြတ်ဆိုတာက အုတ်ဖြတ် တံတားနား။ ဖြူးကနေသွားရင် စစ်တောင်းမြစ်ကို ကျော်ပြီး သွားရတဲ့နေရာပေါ့။"

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) က ကျောက်ကြီးမြို့နယ်၊ ဟင်္သာဝဲ ကျေးရွာအုပ်စု၊ ကြိုးကြီး ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံရွာသား ၄ ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တယ်လို့လည်း သူက ပြောပါတယ်။

"လက်နက်ကြီးနဲ့ ပစ်တာတော့ နေ့တိုင်းပဲ။ အရင်တုန်းက ပစ်တာလည်း ရှိတယ်။ အခု လက်နက်ကြီးနဲ့ ပစ်လို့ ထိထားတာက ၄ ယောက်ရှိတယ်။"

ဩဂုတ်လ ၉ ရက်နေ့ကစလို့ အခုရက်ပိုင်းတွေအထိ အိမ်ခြေ ၁၂၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွားခဲ့တဲ့အကြောင်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ ဒေသခံတွေကတော့ ဒီ့ထက်မက အိမ်ခြေတွေမီးလောင်တာရှိတယ်လို့ ပြောပါတယ်။

"အိမ်အလုံးရေကတော့ ၁၂၀ ကျော် မီးလောင်သွားတယ်။ ဒီနေ့ မီးလာ ရှို့တာတွေတော့ မပါသေးဘူး။"

ညောင်လေးပင်းခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေထဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကို ဖမ်းဆီး စစ်ဆေးတာတွေလုပ်နေတာကြောင့် ဒေသတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်း နီးပါးရှိနေပြီး ညောင်လေးပင်ခရိုင် တခုလုံးမှာတော့ စစ်ဘေးရှောင်သူ ၁၅၀,၀၀၀ ကျော် ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

Your browser doesn’t support HTML5

ညောင်လေးပင်ခရိုင် စစ်ကောင်စီဗုံးကြဲ (ဒေသခံများ)