နိုဝင်ဘာလကလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ တွေက ကောက်ချက်ချထားပြီးတဲ့နောက် အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာနိုင်တယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြော လိုက်ပါတယ်။ အဲဒီလိုလုပ်ရပ်မျိုး မရှိသလောက်ဖြစ်အောင် ရွေးကောက်ခံသမ္မတ Donald Trump နဲ့ ကွန်ဂရက်လွှတ်တော်က အသေအချာလုပ်ဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။
ပြိုင်ဘက် ဟီလာရီ ကလင်တန်အပေါ် Trump က အသာရအောင် အထောက်အကူဖြစ်စေမယ့် လုပ်ရပ်မျိုးလုပ်ဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ညွှွန်ကြားခဲ့တယ်လို့ သောကြာနေ့ကထွက်လာတဲ့ လျှို့ဝှက်ပုံစံမဟုတ်တဲ့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုဖြစ်ရပ်ဟာ ပူတင်က ဥရောပမှာ အချိန်အတော်ကြာ လုပ်ထားပြီးသားဖြစ်တဲ့ လုပ်ရပ်မျိုးလားဆိုတာ သိရအောင် ဆန်းစစ်ဖို့ သူ ညွှန်ကြားခဲ့ကြောင်း၊ အစောပိုင်းမှာတော့ ရုရှားဘာသာစကားပြောသူ အများအပြားရှိတဲ့ အရင် ဆိုဗီယက်ပြည်ထောင်စုထဲက နိုင်ငံတွေမှာလုပ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အနောက် ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်လာတာဖြစ်ကြောင်း တနင်္ဂနွေနေ့ကထုတ်လွှင့်တဲ့ ABC ရုပ်သံဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတအိုဘားမားက ပြောထားပါတယ်။
လုပ်ကြံသတင်းအမှားတွေ၊ အင်တာနက်ကနေ ဖောက်ဝင်ပြီး အချက်အလက် ခိုးယူတာတွေ၊ ကျနော်တို့ရဲ့ ဒီမိုကရေစီ အလေ့အထတွေကို လှည့်ဖျားအသုံးချတာတွေဟာ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေပေါ် ဘယ်လောက် သက်ရောက်နိုင်တယ်ဆိုတာကို သူလျှော့တွက်မိခဲ့ကြောင်း၊ ဒီလိုလုပ်ရပ်မျိုးတွေ ပိုများလာနေတယ်လို့သူထင်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။
Your browser doesn’t support HTML5