မကာမှာ အပူချိန်ပြင်းထန် ဟာဂျီဘုရားဖူး ၁,၃၀၀ ကျော်သေဆုံး

ပြင်းထန်တဲ့အပူဒဏ်ကိုခံစားနေရတဲ့ ဟာဂျ်ဘုရားဖူးတဦး။ (ဇွန်် ၁၆၊ ၂၀၂၄)

ဆော်ဒီအာရေဗီးယားနိုင်ငံတွင်း အစ္စဘာမ်ဘာသာဝင်တွေအထွဋ်အမြတ်ထားရာ မကာမြို့မှာ ပြင်းထန်တဲ့အပူဒဏ်ခံခဲ့ရပြီး အခုနှစ် ဟာဂျီဘုရားဖူးကာလအတွင်း လူ ၁,၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆော်ဒီတာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးသူ ၈၃ ရာခိုင်နှုန်းဟာ ခွင့်ပြုချက်နဲ့လာတာမဟုတ်တဲ့ ဘုရားဖူးခရီးသွားတွေဖြစ်ပြီး သူတို့ဟာ ပြင်းထန်တဲ့အပူရှိန် ခရီးရှည်လမ်းလျှောက်ခဲ့ကြရတာလို့ ဆော်ဒီကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ သေဆုံးသူ ၆၆၀ ကျော်ဟာ အီဂျစ်ကလာကြသူတွေလို့ အီဂျစ်တာဝန်ရှိသူတွေက ပြောပါတယ်။

သေဆုံးတဲ့အထဲမှာ အင်ဒိုနီးရှားနိုင်ငံက ဘုရားဖူး ၁၆၅ ဦး၊ အိန္ဒိယက ၉၈ ဦးနဲ့ ဂျော်ဒန်၊ တူနီးရှား၊ မော်ရိုကို၊ အယ်ဂျီးရီးဘားနဲ့ မလေးရှားနိုင်ငံက ခရီးသွားတွေ ပါဝင်ကြတယ်လို့ အေပီသတင်းမှာ ရေးပါတယ်။ အမေရိကန်နိုင်ငံသား ဘုရားဖူးနှစ်ဦးလည်း သေဆုံးတဲ့အထဲ ပါဝင်တယ်လို့ သိရပါတယ်။

ဆော်ဒီဘုရားဖူးခရီးစဉ်အတွက် ခွင့်ပြုချက်မရှိတဲ့ ခရီးသွားအေဂျင်စီ ၁၆ ခုရဲ့ လုပ်ငန်းလိုင်စင်တွေကို ရုပ်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ မွတ်ဆလင်တိုင်းအဖို့ တသက်မှာတခါ မကာမှာရှိတဲ့ ဟာဂျ်ဘုရားဖူးသွားရလေ့ရှိတာပါ။ အခုနှစ် ဟာဂျ်ဘုရားဖူးခရီးစဉ်အတွင်း ဘုရားဖူးခွင့်ပြုချက်နဲ့သွားသူ ၃၁ ဦး သေဆုံးတယ်လို့ အီဂျစ်အစိုးရကကြေညာခဲ့ပေမယ့်လို့ ကျန်သေဆုံးတဲ့ ဘုရားဖူးအရေအတွက်ကိုတော့ မထုတ်ပြန်ပါဘူး။

ဟာဂျီဘုရားဖူးကာလမှာ ဘုရားဖူးခွင့်ပြုချက်နဲ့လာတာမဟုတ်တဲ့ ခရီးသွားတွေကို ဆော်ဒီအာဏာပိုင်တွေက အရေးယူခဲ့ပြီး ထောင်နဲ့ချီအရေအတွက်ကို နိုင်ငံက ပြန်နှင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အီဂျစ်အများစုကတော့ မကာတဝိုက်ကိုရောက်ရှိခဲ့ပြီး တချို့က ကုန်းကြောင်းကနေလာကြတာပါ။ ခွင့်ပြုချက်နဲ့မဟုတ်တဲ့ ခရီးသွားတွေအဖို့ ခွင့်ပြုချက်နဲ့လာသူတွေလိုမဟုတ်ဘဲ ဟိုတယ်နေရာမရရှိတော့ အပူဒဏ်ကို ရှောင်ဖို့ ခက်ပါတယ်။

Your browser doesn’t support HTML5

မကာမှာ အပူချိန်ပြင်းထန် ဟာဂျီဘုရားဖူး ၁,၃၀၀ ကျော်သေဆုံး