Kashmir နယ်ခြား ပါကစ္စတန်-အိန္ဒိယ ပြန်လှန်ပစ်ခတ်

အိန္ဒိယ လေယာဉ်မှူး Abhinandan Varthaman အိန္ဒိယ-ပါကစ္စတန်နယ်စပ်ထဲ ဝင်ရောက်ခဲ့တဲ့နေရာ၊ Atari ရှိ အစောင့် အိန္ဒိယ စစ်သားများ (သောကြာနေ့၊ မတ်၊ ၀၁၊ ၂၀၁၉)

အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြား အငြင်းပွားနေတဲ့ ကက်ရ်ှမီးယားဒေသ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ အပြန်အလှန် ပစ်ခတ်မှုကြောင့် ပါကစ္စတန်တပ်သား၂ ဦးသေဆုံးသွားတယ်လို့ ပါကစ္စတန်ဘက်က မနေ့စနေနေ့က အတည်ပြုပါတယ်။ အဲဒီ နယ်စပ်မျဉ်းရှိတဲ့ နေရာကို Line of Control ထိန်းချုပ်ရေးမျဉ်း ဆိုပြီး ခေါ်ကြတာပါ။

ပါကစ္စတန်နယ်ထဲ ဝင်ရောက်သွားခဲ့တဲ့ အိန္ဒိယတိုက်လေယာဉ်ကို ပစ်ချပြီး လေယာဉ်မှုးကို ဖမ်းဆီးခဲ့ပေမယ့် ငြိမ်းချမ်းရေးလက္ခဏာအဖြစ် အဲဒီလေယာဉ်မှူးကို ပါကစ္စတန်ဘက်က ပြန်လွှတ်ပေးလိုက်ပြီး နောက်တရက်မှာပဲ ခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ လေယာဉ်မှူးကို ပြန်လွှဲပြောင်းပေးခဲ့ပေမယ့်လည်း ကက်ရှ်မီးယားဒေသက အခြေအနေတွေ အပေါ် သက်ရောက်မှုရှိပုံမရပဲ နှစ်ဖက် တပ်ဖွဲ့တွေက မော်တာတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်ပြီးပစ်ခတ် တိုက်ခိုက်နေကြတာပါ။

ဟိမဝန္တာတောင်ကြောပေါ်က ပါကစ္စတန်နဲ့ အိန္ဒိယပိုင်နယ်မြေကို ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းပေါ်က Nakiyal ဘက်ပိုင်းမှာ သေဆုံးမှုဖြစ်ခဲ့တာလို့ စစ်တပ်ရဲ့ သတင်းဌာနက ပြောပါတယ်။ စနေနေ့မနက် အစောပိုင်းမှာ စစ်သားတွေ ကျဆုံးသွားတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

Pulwama အရပ်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အသေခံ ဗုံးခွဲမှုဖြစ်ပြီးနောက်ပိုင်း အိန္ဒိယထောင်ထဲမှာ ဖမ်းထားတဲ့အချိန်မှာ အကျဉ်းသားအချင်းချင်း သတ်ဖြတ်တာခံခဲ့ရတဲ့ ပါကစ္စတန် အကျဉ်းသားရဲ့ အလောင်းကို မနေ့စနေနေ့ကပဲ ပါကစ္စတန်ဘက် လွှဲပြောင်းပေးလိုက်တာပါ။ Shakir Ullah ကိုသတ်တဲ့တရားခံကို ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေနဲ့ ရင်ခွဲစစ်ဆေးမှုအဖြေကို အိန္ဒိယဘက်က အမြန်ဆုံးပေးပို့ဖို့ ပါကစ္စတန် နိုင်ငံခြားရေးဌာနက ကြေငြာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

Your browser doesn’t support HTML5

Kashmir နယ်ခြား ပါကစ္စတန်-အိန္ဒိယ ပြန်လှန်ပစ်ခတ်