ပါကစ္စတန်နိုင်ငံရဲ့ အမျိုးသားနေ့အတွက် နှုတ်ခွန်းဆက်နဲ့ ဆုမွန်ကောင်းသဝဏ်လွှာကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အမျိုးသားနေ့အကြိုမှာ ပေးပို့ခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က မနေ့ကပဲ ပြောလိုက်ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်၂ နိုင်ငံအကြား နယ်မြေဆိုင်ရာ အငြင်းပွါးနေတဲ့ ကချ်မီးယားဒေသမှာ စစ်ရေး တင်းမာမှုတွေ သတင်းပတ် အတော်ကြာအောင် ဖြစ်ခဲ့ပြီး အခုလို ငြိမ်းချမ်းတဲ့ လက္ခဏာကို မြင်ရတာပါ။ ပါကစ္စတန်ဝန်ကြီးချုပ် Khan ကလည်း အိန္ဒိယ ဝန်ကြီးချုပ် Modi ဆီကို Twitter လူမှုကွန်ယက်ကတဆင့် သတင်းစကားပြန်ပါးခဲ့ပါတယ်။
အခုအချိန်ဟာ တောင်အာရှဒေသ အတွင်းက ပြည်သူတွေအနေနဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တိုးတက်ဖွင့်ဖြိုးမှုတွေအတွက် အတူတကွ လုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်လို့ ဝန်ကြီးချုပ် Khan က ရေးသားခဲ့တာပါ။ ဝန်ကြီးချုပ် Modi ရဲ့အခုလိုနှုတ်ခွန်းဆက်မှုကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
အခုချိန်ဟာ ၂နိုင်ငံအကြားရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေး အိန္ဒိယနဲ့ ပါကစ္စတန် စတင် တွေ့ဆုံ ဆွေးနွေးကြရမယ့် အချိန်ရောက်ပြီလို့ သူယုံကြည်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။
Your browser doesn’t support HTML5