မြန်မာနိုင်ငံက - သူတို့အခေါ်အားဖြင့် - ရိုဟင်ဂျာမူစလင်တွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာအတွက် ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်ကို အစ္စလာမ်မာဘတ်မြို့တော်က နိုင်ငံခြားရေးရုံးကို စနေနေ့က ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်လိုက်တယ်လို့ ပါကစ္စတန်နဲ့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီလိုအကြမ်းဖက်လုပ်ရပ်တွေ ထပ်မဖြစ်ဖို့၊ ရိုဟင်ဂျာမူစလင်တွေကို လုံခြုံရေး အကာအကွယ်ပေးဖို့နဲ့ စိုးရိမ်ထိတ်လန့်မှု၊ ခွဲခြား ဆက်ဆံခံရမှုတွေမရှိဘဲ နေထိုင်ခွင့်နဲ့ သွားလာခွင့်တွေပေးဖို့လိုတယ်ဆိုတာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Tehmina Janjua က အလေးအနက်ပြောခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားတယ်လို့ သတင်းတွေမှာ ရေးထားပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ပြောဆိုချက်တွေကို မြန်မာအစိုးရကို ပြန်ပြီးတင်ပြမယ့်အကြောင်း မြန်မာသံအမတ်ကြီးက အာမခံပြောဆိုခဲ့တယ်လို့လဲ သတင်းတွေမှာဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံအနေနဲ့လဲ - သူတို့အခေါ် - ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ ရပ်ဆိုင်းဖို့နဲ့ ပြဿနာကိုဖြေရှင်းဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေအနေနဲ့ လုပ်ဆောင်ပေးစေလိုကြောင်း မလေးရှားဒုတိယဝန်ကြီးချုပ် Datuk Seri Dr. Ahmad Zahid Hamidi ကပြောတယ်လို့ Bernama သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ ထားတဲ့ Arakan Rohingya Salvation Army ARSA အဖွဲ့က တလကြာ တဘက်သတ် အပစ်အခတ်ရပ်စဲရေးကို တနင်္ဂနွေနေ့ကနေ စတင်မယ့်အကြောင်း သူတို့အဖွဲ့ရဲ့ Twitter လူမှုကွန်ယက်မှာ ကြေညာထားပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ အခုလို အပစ်ရပ်တာဖြစ်တယ်လို့လဲ ပြောပါတယ်။
Your browser doesn’t support HTML5