အင်းစိန်ထောင် နိုင်/ကျဉ်းတချို့ ဒိုက်ဦးနဲ့သာယာဝတီထောင်ပြောင်းရွှေ့ခံရ

ပဲခူးတိုင်း သာယာဝတီမြို့ရှိ သာယာဝတီအကျဉ်းထောင်ကို Google မြေပုံမှတွေ့မြင်ရစဉ်

ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားအယောက် ၅၀၀ လောက်ကို ပဲခူးတိုင်းထဲက ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တို့ကို ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNMက ထုတ်ပြန်ပါတယ်။ အခုလပိုင်းအတွင်း ထောင်ပြောင်းရွှေ့မှုတွေ ခပ်စိတ်စိတ်တွေ့လာရပြီး အကျဉ်းဦးစီးဘက်ကတော့ နေရာအခက်အခဲကြောင့် အခုလိုစီမံတာလို့ ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း နန်းလောင်ဝ်တင်ပြပေးထားပါတယ်။

ဇူလိုင် ၂၁ ရက် မနက်အစောပိုင်းမှာ ထောင်အပြောင်းအရွှေ့တွေလုပ်ခဲ့တာလို့ PPNM အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ လက်ရှိပြောင်းရွှေ့မှုမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဦးစားပေးပြောင်းရွှေ့တာဖြစ်ပြီး အကျဉ်းသားအယောက် ၂၀၀ နဲ့ အကျဉ်းသူအယောက် ၆၀ တို့ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။ သာယာဝတီထောင်ရောက်တဲ့အရေအတွက်ကတော့ အယောက် ၂၀၀ နီးပါးရှိတယ်လို့ ပြောပြပါတယ်။

“အင်းစိန်ထောင်ကနေ ထောင်ပြောင်းခံရတဲ့အရေအတွက်အတိအကျကို ကျနော်တို့ရရှိဖို့ ကြိုးစားဆောင်ရွက်နေဆဲ ဖြစ်ပါတယ်ဗျ။ ကျနော်တို့ရရှိထားတဲ့အချက်အလက်တွေအရတော့ ဒိုက်ဦးဗဟိုအကျဥ်းထောင်ကို နိုင်ငံရေးအကျဥ်းသား ဦးစားပေးအနေနဲ့ပေါ့နော် အမျိုးသား ၂၀၀ နဲ့ အမျိုးသမီး ၆၀ ရောက်ရှိထားတယ်ဆိုတာကို ကျနော်တို့ အချက်အလက် ရရှိထားပါတယ်ခင်ဗျ။ သာယာဝတီကိုက အမျိုးသမီးတွေရောက်တယ်လို့ ကျနော်တို့မသိရှိထားဘူး။ ဒါပေမဲ့ အမျိုးသား ၂၀၀ ကျော်ဝန်းကျင် ရောက်လာတယ်လို့တော့ အချက်အလက်တချို့အရ မှတ်တမ်းကောက်ယူထားတာမျိုးရှိတယ်။ ဒါပေမဲ့ အသေးစိတ် လူဦးရေ ဘယ်လောက်ရောက်တယ်နဲ့ ဘယ်လူပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအကျဥ်းသား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ ကျနော်တို့ မရရှိထားသေးပါဘူးခင်ဗျ။ စုစုပေါင်း အင်းစိန်အကျဥ်းထောင်ကနေ ကျနော်တို့ခန့်မှန်းတာ နိုင်ငံရေးအကျဥ်းသား အကျဥ်းသူတွေအပါအဝင် အကျဥ်းသားစုစုပေါင်း ၅၀၀ ကျော်လောက်ကို ပြောင်းရွှေ့တယ်လို့ ပြောလို့ရပါတယ်။ အနည်းဆုံး ၅၀၀ ကျော်ရှိတယ်လို့ ပြောလို့ရတဲ့အခြေအနေ ရှိပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၁၅ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင်ကစလို့ မွန်ပြည်နယ် ကျိုက်မရောထောင်နဲ့ မန္တလေးတိုင်း အိုးဘိုထောင်ကနေ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူရာချီကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။ ဇွန်လ ၁၉ ရက်နေ့‌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အပါအဝင် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်နေ့တွေမှာ အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်း လှုပ်ရှားမှုတွေမဖြစ်အောင် ထောင်ပြောင်းရွှေ့နေတာလို့လည်း နိုင်/ကျဉ်းအရေး လှုပ်ရှားသူ ကိုသိုက်ထွန်းဦးကပြောပါတယ်။

“အဓိကပြောင်းရွှေ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် ဇွန်လထောင်ပြောင်းရွှေ့မှုတွေလုပ်ကတည်းက ဒီထောင်ပြောင်းရွှေ့မှုတွေက စနစ်တကျ သူတို့စီစဥ်ဆောင်ရွက်နေတာဖြစ်တယ်။ ထောင်တွင်းသပိတ်မှောက်ပွဲတွေ ဇူလိုင်လထဲမှာရော သြဂတ်စ်လထဲမှာရော ဇွန်လ ၁၉ ရက်နေ့ကစပြီးမှ ထောင်ထဲမှာ သပိတ်တိုက်ပွဲတွေကို နှစ်စဥ်ပြုလုပ်နေကျဖြစ်တယ်။ ပြည်ပမှာရှိတဲ့ မိဘပြည်သူတွေနဲ့အတူ ဝန်းရံတဲ့လှုပ်ရှားမှုတွေလို ထောင်ထဲမှာလည်း နိုင်ငံရေးအကျဥ်းသားအကျဥ်းသူတွေက ဝန်းရံလှုပ်ရှားမှုတွေကိုလုပ်ကြတယ်ပေါ့။ ဒီလို လှုပ်ရှားမှုတွေမဖြစ်ဖို့ အဲဒီအချိန်မတိုင်ခင်မှာရော ပြုလုပ်ပြီးတဲ့အချိန်တွေမှာပါ ဒီလို စုဖွဲ့မှုတွေ ပြိုကွဲဖို့အတွက် သူတို့လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့လည်း ထောင်ပြောင်းရွှေ့တာလို့ ပြောချင်ပါတယ်။ အကျဥ်းထောင်တွေကို အရင်ကထက်စာရင် ပိုပြီးမှ လုံခြုံရေးတွေတင်းကျပ်တာမျိုး၊ အကျဥ်းသားတွေကို စုဖွဲ့မှုတွေမဖြစ်ဖို့ သူတို့ စောင့်ကြည့်နေတာမျိုးတွေကိုလည်း ကျနော်တို့ သိရှိထားပါတယ်ဗျ”

ဒီလိုထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်/ကျဉ်းတွေကို အကျဥ်းဦးစီးဌာနဝန်ထမ်းတွေက ရုပ်ပိုင်းဆိုင်ရာ ညှဥ်းပန်း နှိပ်စက် တာရှိတယ်လို့လည်း PPNM က ထုတ်ပြန်ခဲ့ပါတယ်။ ပြောင်းရွှေ့မှုနဲ့ပတ်သက်လို့အင်းစိန်အကျဉ်းထောင်တာဝန်ရှိသူတွေဆီ ဗွီအိုအေကဆက်သွယ်တာမှာတော့ အမည်မဖော်လိုတဲ့ အလှည့်ကျ ဖုန်းဖြေဆိုရသူထောင်တာဝန်ခံတဦးက အပြောင်းအရွှေ့ လုပ်တာမှန်ကန်ကြောင်းနဲ့ ပြောင်းရတာက ထောင်တွင်းနေရာထိုင်ခင်းကျပ်တည်းမှုကြောင့်သာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပြောင်းရွှေ့တဲ့လူစာရင်းကိုတော့ ထောင်မှာ တရားဝင်ကပ်ထားမှာဖြစ်ကြောင်း အသေးစိတ်သိဖို့‌ထောင်ကို လာရောက်ဖို့သာ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်အရ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် ဇူလိုင်လအထိ ဖမ်းဆီးခံရသူ ၂၇,၀၀၀ ကျော်ထဲက ၂၁,၀၀၀ ခန့်ဟာ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။ စစ်ကောင်စီကတော့ အေအေပီပီစာရင်းဟာ ချဲ့ကားထားတဲ့စာရင်းသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။

Your browser doesn’t support HTML5

အင်းစိန်ထောင် နိုင်/ကျဉ်းတချို့ ဒိုက်ဦးနဲ့သာယာဝတီထောင်ပြောင်းရွှေ့ခံရ